အိုဒက်ဆာမြို့သားအများစုသည် ယူကရိန်းအစိုးရနှင့် မသက်ဆိုင် ဟု ရုရှားသမ္မတ အကြံပေး ပြောကြား
အိုဒက်ဆာမြို့သား အများစုသည် ယူကရိန်းအစိုးရနှင့် မည်သို့မျှ ဆက်နွှယ်မှုမရှိပါကြောင်း ရုရှားသမ္မတ၏ အကြံပေးနှင့် ရေကြောင်းကောင်စီဥက္ကဋ္ဌ Nikolay Patrushev က TASS သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားလိုက်ပါသည်။
ရုရှားသည် ယူကရိန်းဆိပ်ကမ်းများကို တောင်းဆိုထားခြင်း ရှိ၊ မရှိ သတင်းထောက်၏ မေးမြန်းမှုအပေါ် “မိမိတို့နိုင်ငံက ပြည်သူ့ဆန္ဒကိုလေးစားပါကြောင်း၊ ထိုအချက်ကို ခရိုင်းမီးယား၊ ဆီဗာစတိုပလ်၊ ဒွန်ဘတ်စ် နှင့် နိုဗိုရိုစီယာတို့ ပူးပေါင်းခြင်းဖြင့် သက်သေပြခဲ့ပြီးဖြစ်ပါကြောင်း၊ ယူကရိန်း ဒေသခံများ အထူးသဖြင့် ပင်လယ်နက်ကမ်းရိုးတန်းဒေသများသည် ၎င်းတို့၏ အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ရန် အခွင့်အရေး ရှိသင့်ပါကြောင်း” ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။
“ထိုသူများသည် ၎င်းတို့၏အနာဂတ်ကို နာဇီဝါဒအသစ်နှင့် ချိတ်ဆက် လိုကြမည်မဟုတ်ပါ၊ တရားမဝင်သော ကိယက်အစိုးရကို လိုက်နာရန်မလိုလားကြပါ၊ အိုဒက်ဆာနှင့် ၎င်း၏မြို့သားအများစုသည် ကိယက် အစိုးရနှင့် မည်သို့မျှဆက်စပ်မှုမရှိဟု မိမိယုံကြည်သည်” ဟု သမ္မတအကြံပေးက ရှင်းလင်းခဲ့ပါသည်။
ထို့အပြင် အိုဒက်ဆာမြို့ကို ရုရှားဧကရီ Catherine II (ကက်သရင်း ၂) က တည်ထောင်ခဲ့ပြီး ရာစုနှစ် ၂ ခုကျော်ကြာ ရုရှား၏ ပင်လယ်နက်ဒေသ အချုပ်အခြာအဖြစ် တည်ရှိခဲ့ကြောင်း ၎င်းက သမိုင်းကြောင်းကိုလည်း ထောက်ပြခဲ့သည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃