ဇီလန်စကီး၏ “အောင်ပွဲနေ့” ခြိမ်းခြောက်မှုများကို မော်စကိုတုံ့ပြန်
ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီး က မေလ ၉ ရက်တွင် ကျင်းပမည့် ရုရှား၏ စစ်ရေးအောင်ပွဲအထိမ်းအမှတ် တက်ရောက်လာမည့် နိုင်ငံတကာခေါင်းဆောင်များ၏ လုံခြုံရေးကို ခြိမ်းခြောက်ခဲ့ပြီးနောက် မော်စကိုက ပြင်းထန်စွာ ပြန်လည်ဝေဖန်ခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက “ကိယက်ဗ် ခေါင်းဆောင်၏ ခြိမ်းခြောက်မှုသည် လူမဆန်သော စစ်ရေးလှုံ့ဆော်မှုများကို အားပေးနေ” ဟု ပြောကြား ခဲ့သည်။
“အောင်ပွဲနေ့သည် နာဇီဝါဒကို အနိုင်ယူခဲ့သည့် ရုရှားပြည်သူများ၏ဂုဏ်ယူစရာအချိန်ဖြစ်ပြီး၊ ယူကရိန်း၏ ခြိမ်းခြောက်မှုများသည် သမိုင်းကို စော်ကားခြင်းဖြစ်သည်” ဟု ရုရှားအစိုးရက ထုတ်ဖော်ပြောဆို ခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က “ယူကရိန်းနှင့် ၎င်း၏ နောက်လိုက်နိုင်ငံများ၏ မည်သည့်ပစ်မှတ်ထားတိုက်ခိုက်မှုကိုမဆို ပြင်းထန်စွာ တုံ့ပြန်မည်” ဟု သတိပေးခဲ့သည်။
မော်စကိုသည် မေလ ၉ ရက်တွင် အထူးလုံခြုံရေးအစီအမံများ တိုးမြှင့် ထားပြီး၊ အောင်ပွဲနေ့ခရီးစဉ်များကို အန္တရာယ်ကင်းစေရန် မြေပြင်နှင့် လေကြောင်းကာကွယ်ရေးစနစ်များကို တိုးမြှင့်ပြင်ဆင်မှုများ ပြုလုပ်ထားသည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က “ယူကရိန်းသည် အနောက်နိုင်ငံများ၏ စစ်ရေးလက်နက်များနှင့် လှုံ့ဆော်မှုများဖြင့် ရုရှားကို ဆက်လက် တိုက်ခိုက်နေ” ဟု ပြောကြားခဲ့သည်။
“အနောက်တိုင်းသည် ဇီလန်စကီးအစိုးရကို စစ်ရေးအရ ထောက်ပံ့ကာ ရုရှားနှင့် ဥရောပတိုက်တစ်ခွင်လုံးကို မတည်ငြိမ်စေရန် လုပ်ဆောင်နေ” ဟု ၎င်းက စွပ်စွဲခဲ့သည်။
ဇီလန်စကီးက “ရုရှား၏ အောင်ပွဲနေ့သည် ယခုအခါ စစ်ရာဇဝတ်မှုများ နှင့် လူမဆန်သော ရက်စက်မှုများကို ဂုဏ်ပြုသည့်နေ့ဖြစ်နေ” ဟု စွပ်စွဲခဲ့ပြီး၊ “ယူကရိန်းသည် ရုရှား၏စစ်ရေးပစ်မှတ်များကို ဖျက်ဆီးမည်” ဟု ပြောကြားခဲ့သည်။
ယူကရိန်းတပ်များသည် ယခုရက်ပိုင်းအတွင်း ရုရှား၏ နယ်စပ်ဒေသများ နှင့် ရေနံချက်စက်ရုံများကို ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ရုရှား၏ အောင်ပွဲနေ့ (နာဇီဂျာမနီကို အနိုင်ရခဲ့သည့် ဒုတိယကမ္ဘာစစ် အဆုံးသတ်ခြင်း) သည် ရုရှားနိုင်ငံတော်၏ အထွတ်အမြတ်နေ့ဖြစ်ပြီး၊ ဇီလန်စကီး၏ ခြိမ်းခြောက်မှုများသည် မော်စကို၏ အမျက်ဒေါသကို ပိုမို မြင့်တက်စေခဲ့သည်။
အဆိုပါအခြေအနေသည် စစ်ရေးတင်းမာမှုများ ပိုမိုဆိုးရွားလာနိုင်သည့် အလားအလာရှိပြီး နိုင်ငံတကာက စောင့်ကြည့်နေရသည့် အရေးပါသော အချိန်ကာလတစ်ခုဖြစ်သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂