ထရမ့်က အယ်လ်ကတ်ရာဇ်ကျွန်းကို ပြန်ဖွင့်ရန် အမိန့်ထုတ်ပြန်

News Image

  • ထရမ့်က အယ်လ်ကတ်ရာဇ်ကျွန်းကို ပြန်ဖွင့်ရန် အမိန့်ထုတ်ပြန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အယ်လ်ကတ်ရာဇ်ကျွန်းအား အဆင့်မြင့်လုံခြုံရေးဖက်ဒရယ်ထောင်အဖြစ် ပြန်လည်အသက်သွင်းရန် အစီအစဉ်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်း၏ နယ်နိမိတ်ဖြတ်ကျော်ပြစ်မှုကျူးလွန်သူများအား နိုင်ငံမှ ထုတ်ပယ်ရေး လုပ်ငန်းစဉ်များ တရားရုံးများ၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်နေရချိန်တွင် “လူ့အဖွဲ့အစည်း၏ အညစ်အကြေးများ” အတွက် နေရာလိုအပ်နေကြောင်း ထရမ့်က တနင်္ဂနွေနေ့ (မေ ၄) က လူမှုကွန်ရက်ပိုစ့်တွင် ရေးသား ခဲ့သည်။

ဆန်ဖရန်စစ္စကိုကမ်းလွန်ရှိ စစ်ခံတပ်အဖြစ် စတင်တည်ဆောက်ခဲ့သော အယ်လ်ကတ်ရာဇ်သည် နှစ် ၃၀ နီးပါး အကျဉ်းထောင်အဖြစ် အသုံးပြုခဲ့ပြီး လွန်ခဲ့သည့် ဆယ်စုနှစ် ၆ ခုကပိတ်သိမ်းကာ နောက်ပိုင်းတွင် ခရီးသွားများ လာရောက်လည်ပတ်သည့် နေရာတစ်ခုဖြစ်လာခဲ့သည်။

ထရမ့်က “အမေရိကန်၏ အကြမ်းဖက်အစွန်းရောက်ဆုံး ပြစ်မှုကျူးလွန်သူများအား ချုပ်နှောင်ထားရန်” အယ်လ်ကတ်ရာဇ်အား အကြီးစား ပြန်လည် တည်ဆောက်ကာ ပြန်ဖွင့်ရန် တရားရေးဌာနအား ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။

“တရားသူကြီးများက လုပ်သင့်သည်ကို မလုပ်ဘဲ ကန့်ကွက်နေသည့် ရာဇဝတ်သားများ၊ အန္တရာယ်ရှိသူများကို အညံ့ခံနေရသည့် ကာလကို မိမိတို့ အဆုံးသတ်မည်။ တရားဥပဒေ၊ ငြိမ်ဝပ်ပိပြားမှုနှင့် မျှတမှု၏ သင်္ကေတအဖြစ် ထိုထောင်ကို ပြန်ဖွင့်မည်” ဟု ၎င်းက ကြေညာခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂