အစ္စရေးအစိုးရက ဂါဇာကို အပြည့်အဝသိမ်းပိုက်ရန်နှင့် ပါလက်စတိုင်း နေထိုင်သူများအား တောင်ပိုင်းသို့ အတင်းအကျပ် ရွှေ့ပြောင်းရန် အစီအစဉ်ကို အတည်ပြု

News Image

  • အစ္စရေးအစိုးရက ဂါဇာကို အပြည့်အဝသိမ်းပိုက်ရန်နှင့် ပါလက်စတိုင်း နေထိုင်သူများအား တောင်ပိုင်းသို့ အတင်းအကျပ် ရွှေ့ပြောင်းရန် အစီအစဉ်ကို အတည်ပြု

ဂါဇာပြည်နယ်တစ်ခုလုံးကို စစ်ရေးအရ အပြည့်အဝသိမ်းပိုက်ရန်နှင့် ပါလက်စတိုင်းနေထိုင်သူများအား ဒေသ၏တောင်ပိုင်းသို့ အတင်းအကျပ် ရွှေ့ပြောင်းရန် အစ္စရေးအစိုးရက အစီအစဉ်တစ်ရပ်ကို အတည်ပြုလိုက်ကြောင်း နိုင်ငံတကာမီဒီယာများက အမည်မဖော်လိုသော အရာရှိများကို ကိုးကား၍ ဖော်ပြခဲ့သည်။

အမေရိကန်သတင်းဌာန AP ၏ ဖော်ပြချက်အရ အဆိုပါအစီအစဉ်သည် အစ္စရေး၏ စစ်ရေးရည်မှန်းချက်ဖြစ်သော ဟားမက်အုပ်စုကို ချေမှုန်းရန်နှင့် ဂါဇာတွင်အကျဉ်းချထားသော အစ္စရေးနိုင်ငံသား ၅၉ ဦးကို ကယ်တင်ရန် ရည်ရွယ်သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ အစိုးရအဖွဲ့က တနင်္လာနေ့ (မေ ၅) နံနက်ပိုင်းတွင် အဆိုပါနည်းဗျူဟာအတွက် သဘောတူညီခဲ့ကြသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏ ဗိုလ်ချုပ်ကြီး အဲရယ်ဇာမီးယားက အရန်တပ်ဖွဲ့ဝင် သောင်းနှင့်ချီသူများအား ထပ်မံခေါ်ယူမည်ဟု ကြေညာခဲ့သည်။

“ထိုအစီအစဉ်တွင် ဂါဇာကမ်းမြှောင်ဒေသကို သိမ်းပိုက်ခြင်း၊ နယ်မြေများကို ထိန်းချုပ်ခြင်းနှင့် ဂါဇာပြည်သူများအား ၎င်းတို့၏လုံခြုံရေးအတွက် တောင်ပိုင်းသို့ ရွှေ့ပြောင်းခြင်းတို့ ပါဝင်မည်” ဟု ပြင်သစ်သတင်းဌာန AFP က အစ္စရေးအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

AP ၏ အဆိုအရ ထိုဆုံးဖြတ်ချက်သည် ပါလက်စတိုင်းနေထိုင်သူ သိန်းနှင့် ချီအား အိုးမဲ့အိမ်မဲ့ဖြစ်စေနိုင်ပြီး လက်ရှိပြင်းထန်နေသော လူသားချင်း စာနာရေး အကျပ်အတည်းကို ပိုမိုဆိုးရွားစေနိုင်သည်။

ကုလသမဂ္ဂနှင့် လူသားချင်းစာနာရေးအဖွဲ့အစည်းများက အရပ်သားများ၏ အသက်အန္တရာယ်နှင့် အခြေခံလိုအပ်ချက်များ ပိုမိုချို့တဲ့လာနိုင်သည်ကို စိုးရိမ်ပူပန်နေကြသည်။

အာရပ်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက အစ္စရေး၏ အဆိုပါ လုပ်ရပ်ကို အပြင်းအထန်ဝေဖန်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန် တိုက်တွန်းနေကြသည်။

အကယ်၍ အစ္စရေးက အဆိုပါအစီအစဉ်ကို အပြည့်အဝ အကောင်အထည်ဖော်ပါက ဟားမက်အုပ်စု အားနည်းသွားနိုင်သော်လည်း ပါလက်စတိုင်း ပြည်သူများ၏ ဒေါသနှင့် နိုင်ငံတကာဝေဖန်မှုများ ပိုမိုများပြားလာနိုင်သည်။

ထိုအခြေအနေသည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို လပေါင်းများစွာ သို့မဟုတ် နှစ်များစွာ ဆက်လက်ကြာရှည်စေနိုင်သည်ဟု ခန့်မှန်းရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂