ယီမင်မြို့တော်လေဆိပ် အသုံးပြု၍မရအောင် အစ္စရေးက ဗုံးကြဲ တိုက်ခိုက်
ယီမင်နိုင်ငံ၏ ဟူသီသူပုန်များထိန်းချုပ်ထားသော မြို့တော်ဆာနာရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အလုံးစုံပိတ်သွားစေရန် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများက ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့သည့် အပြင် အခြားပစ်မှတ်များကိုလည်း ထိမှန်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (IDF) က အင်္ဂါနေ့ (မေ ၆) တွင် ထုတ်ပြန်ခဲ့ပါသည်။
တနင်္ဂနွေနေ့ (မေ ၄) က တဲလ်အဗစ်မြို့ အနီးရှိ ဘန်ဂူရီယွန် အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ဟူသီသူပုန်အဖွဲ့က ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်ပြီးနောက် ယီမင်ရှိ ဟူသီထိန်းချုပ်ထားသော ပစ်မှတ်များကို IDF က ဆက်တိုက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။
“တိုက်လေယာဉ်များက မြို့တော်ဆန်နာမှာရှိသည့် အဓိကလေဆိပ်မှာ ဟူသီအကြမ်းဖက်သမားများ၏ အခြေခံအဆောက်အအုံများကို ဖြိုခွင်း ခဲ့ပြီး လေဆိပ်ကို အပြည့်အဝပိတ်သွားရန် လုပ်နိုင်ခဲ့ပါသည်” ဟု IDF မှ ပြောကြားခဲ့ပါသည်။ ဓာတ်အားပေးစက်ရုံများနှင့် ကွန်ကရစ် စက်ရုံအများအပြားကိုလည်း ပစ်မှတ်ထားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောပါသည်။ အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်တွင် ဆန်နာမြို့၌ အနက်ရောင် မီးခိုးများ ထူထပ်စွာ တက်လာသည်ကို တွေ့ရပါသည်။
အင်္ဂါနေ့က တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဟူသီသတင်းဌာန အယ်လ်မာရှီယာ က ဆိုပါသည်။ ဟိုဒိုင်ဒါ ဆိပ်ကမ်းကိုလည်း အစ္စရေးက ဗုံးကြဲခဲ့ပြီး လူတစ်ဦးသေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့ပါသည်။
နောက်ဆုံးတိုက်ခိုက်မှုများက လျှပ်စစ်ဓာတ်အားဝန်ဆောင်မှုများကို အနှောင့်အယှက်ပေးခြင်းဖြစ်ပြီး ယီမင်၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ရုပ်သံဌာနက ဖော်ပြထားပါသည်။
ကိုးကား-Myanmar National Post