တံတားဦးမြို့နယ်တွင် တောင်သူများအား ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးလျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် ၊ တံတားဦးမြို့နယ်တွင် တောင်သူများအား ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ထုတ်ချေး ပေးလျက်ရှိကြောင်းသိရသည် ။
ထိုသို့ထုတ်ချေးပေးရာတွင် တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများကို အချိန်စေ့ချေးငွေပြေကျေမှသာ (ယခင်ကြွေးကျန်ကင်းရှင်းမှသာ) ချေးငွေအသစ်ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးကြေညာထားသည် ။ ၂၀၂၅ ခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယခင် အရင်း၊ အတိုး ပြေကျေစွာ ပေးဆပ်ပြီးသည့် တောင်သူများကိုသာ မိုးရာသီစိုက်ပျိုးချိန်အမီ စတင်ထုတ်ချေးပေးကြောင်း ယခင်နှစ်အတိုင်း တစ်နှစ်ကို အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများတွင် ထုတ်ချေးပေး ကြောင်းလည်း သိရသည် ။
ထို့နောက် မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာက တောင်သူများအား ယခုနှစ် မိုးစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးစရိတ်ချေးငွေများ ချေးပေးမည့်အစီအစဉ်များနှင့် ချေးငွေများ ပြန်လည်ပေးသွင်းရမည့် ကာလအတွင်း ကြွေးကျန်မရှိစေရေး ချေးငွေရယူလိုသည့်တောင်သူများအနေဖြင့်စပါးသီးနှံ တစ်ဧကလျှင် ငွေကျပ် တစ်သိန်း ငါးသောင်းကျပ်၊ အခြားသီးနှံများအတွက် တစ်ဧကလျှင် တစ်သိန်းနှုန်းကျပ် ချေးယူနိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး တံတားဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် မေလ ၂၀ ရက်နေ့တွင် ကျပ်ပြင် ကျေးရွာအုပ်စု မှ တောင်သူ(၇၈)ဦး ၊ ဧကပေါင်းအတွက် (၄၃၀)ဧကအတွက် ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေကျပ်သိန်း(၄၃၀)ကို တောင်သူများလက်ဝယ်အရောက် ချေးငွေများကို ထုတ်ချေးပေးခဲ့ကြောင်း ကျန်ရှိသည့် ကျေးရွာအုပ်စုများနှင့် ကျေးရွာများကိုလည်း ထုတ်ချေးရေးကာလအတွင်း ဆက်လက်ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
ပေးပို့သူ- ဦးရဲတင့်(ပြန်/ဆက်)