မန္တလေးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဆောက်အဦးတစ်လုံး ထပ်မံပြိုကျ
မန္တလေးမြို့တွင် မေလ (၂၁) ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ငလျင်ဒဏ်သင့် အဆောက်အဦးတစ်လုံး ပြိုကျခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းအဆောက်အအုံသည် မဟာအောင်မြေမြို့နယ်၊ ပဲပုတ္တန်းရပ်၊ (၈၉)လမ်း၊ (၃၆) လမ်းနှင့် (၃၇) လမ်းကြားတွင် တည်ရှိသည့် အဆောက်အအုံဖြစ်ကြောင်း မြို့ခံပရဟိတအဖွဲ့တစ်ဖွဲ့ထံမှ သိရသည်။
အဆောက်အဦးပြိုကျခဲ့သော်လည်း လူအထိခိုက်မရှိဘဲ အနီးဝန်းကျင်ရှိ လူနေအိမ်များအနေဖြင့် အရေးပေါ်ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ (၁၇) ရက် ညပိုင်းကလည်း ပြင်းအား ၅ ဒသမ ၂ ရှိသည့် ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ရှိ ငလျင်ရှောင် ယာယီတဲ သစ်ပင်ပိကာ သားအဖနှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
Source: Popular Myanmar
MM-News-Category