တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ရာစုနှစ်ချီရှိ သမိုင်းဝင်နေရာတွင် အမိုးအုတ်ချပ် ပြိုကျမှုဖြစ်ပွားမှုကြောင့် ခရီးသွားများ အထိတ်တလန့်ဖြစ်

News Image

  • တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ရာစုနှစ်ချီရှိ သမိုင်းဝင်နေရာတွင် အမိုးအုတ်ချပ် ပြိုကျမှုဖြစ်ပွားမှုကြောင့် ခရီးသွားများ အထိတ်တလန့်ဖြစ်

တရုတ်နိုင်ငံအရှေ့ပိုင်း Anhui ပြည်နယ်၊ Fengyang ခရိုင်ရှိ Fengyang Drum Tower ၏ အမိုးမှ အုတ်ချပ်များ ရုတ်တရက်လျှောကျပြီး နှစ်ထပ် အမြင့်ခန့်မှ ကြမ်းပြင်ပေါ်သို့ ကျဆင်းလာခဲ့ခြင်းကြောင့် နေရာတွင်ရှိ နေသည့်ခရီးသွားများ ထိတ်လန့်တကြား ထွက်ပြေးကာ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့သည်။

အမိုးအုတ်ချပ် ၁၀၀ ကျော် လျှောကျခဲ့ပြီး အောက်ခြေရှိ ဝင်ပေါက်နှင့် လမ်းလွှာများ ပျက်စီးခဲ့သည်။

တာဝန်ရှိသူများက ပြင်းထန်စွာ ဒဏ်ရာရသူမရှိဟု ကနဦး ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ဒေသအာဏာပိုင်များက ထိုနေရာကို ချက်ချင်း ပိတ်ကာ ပြုပြင်ရေးလုပ်ငန်းများ စတင်ခဲ့သည်။

ယဉ်ကျေးမှုအမွေအနှစ်ဌာနမှ ကျွမ်းကျင်သူများက ပျက်စီးမှုအကြောင်းရင်းနှင့် ပြန်လည်ထိန်းသိမ်းရန် နည်းလမ်းများကို စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။

Fengyang Drum Tower ကို ၁၃၇၅ ခုနှစ်တွင် Ming မင်းဆက် ကာလအတွင်း တည်ဆောက်ခဲ့ပြီး ရိုးရာပွဲတော်များ၏ အစနှင့် အချိန်ကို ကြေညာရန် အသုံးပြုခဲ့သည်။ ယခုအခါ တရုတ်နိုင်ငံတွင် အကြီးဆုံး မျှော်စင်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

ကနဦး အကဲဖြတ်ချက်များအရ မိုးရွာသွန်းမှုနှင့် ရာသီဥတုဒဏ်ကြောင့် အုတ်ချပ်များ လျှောကျခြင်းဖြစ်နိုင်သည်ဟု ယူဆရသည်။ သို့သော် နှစ်ပေါင်း ၆၀၀ ကျော် သက်တမ်းရှိပြီဖြစ်သော အဆောက်အဦး၏ ယိုယွင်းလာမှုကလည်း အဓိကအချက်တစ်ခုဖြစ်နိုင်သည်ဟု သိရှိရပါသည်။

Fengyang ဒေသသို့ ခရီးစဉ်စီစဉ်ထားသူများအနေဖြင့် မျှော်စင်သို့ သွားရောက်လည်ပတ်ခွင့် ပြန်လည်ဖွင့်လှစ်ချိန်ကို ဒေသခံအာဏာပိုင်များ၏ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ သွားရောက်ရန် အကြံပြု ထားသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂