ထရမ့်၏ ဒေါ်လာ ၅ သန်းတန် “Gold card” ဗီဇာအတွက် ချမ်းသာသော နိုင်ငံခြားသားများ တစ်ပတ်အတွင်း မှတ်ပုံတင်နိုင်မည်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick က အမေရိကန်တွင် အချိန်ပြည့်နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ပေးမည့် ဒေါ်လာ ၅ သန်း (သို့) အထက်ရင်းနှီးမြှုပ်နှံနိုင်သူများအတွက် “Gold card” ဗီဇာ အစီအစဉ်ကို တစ်ပတ်အတွင်း မှတ်ပုံတင်နိုင်မည်ဟု ဗုဒ္ဓဟူးနေ့ (မေ ၂၁) က ကြေညာခဲ့သည်။
“TrumpCard.gov” ဝက်ဘ်ဆိုက်ကို တစ်ပတ်အတွင်း စတင် ဖွင့်လှစ်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကိုလည်း မကြာမီ ထုတ်ပြန်သွားမည်ဟု ၎င်းက ဝါရှင်တန်ဒီစီတွင် ကျင်းပသည့် Axios ၏ "Building the Future" အခမ်းအနားတွင် ပြောကြားခဲ့သည်။
အဆိုပါဗီဇာအစီအစဉ်သည် အစိုးရ၏ EB-5 ရွှေ့ပြောင်းရင်းနှီးမြှုပ်နှံသူ ဗီဇာအစီအစဉ်ကို အစားထိုးမည်ဖြစ်ကာ EB-5 တွင် ဒေါ်လာ ၁.၈ သန်း (သို့) စီးပွားရေးခက်ခဲသည့်ဒေသများတွင် ဒေါ်လာ ၉ သိန်း ရင်းနှီးမြှုပ်နှံရန် လိုအပ်ခဲ့သည်။
Lutnick က မကြာသေးမီက အရှေ့အလယ်ပိုင်းသို့ ခရီးစဉ်တွင် အဆိုပါ ကဒ်များကို “ရောင်းချနေပြီဖြစ်ကြောင်း၊ ငွေကြေးတတ်နိုင်သူ နိုင်ငံခြားသားတိုင်း စိတ်ဝင်စားလာမည်ဟု မျှော်လင့်ထားကြောင်း” ဖော်ပြခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂