ဂျပန်အစိုးရက အထက်လွှတ်တော်ရွေးကောက်ပွဲမတိုင်မီ ဓာတ်ဆီ တစ်လီတာလျှင် ၁၀ ယန်း (၀.၀၇ ဒေါ်လာ) လျှော့ချမည့် ဓာတ်ဆီ ထောက်ပံ့ရေးအစီအစဉ်သစ် စတင်
ဂျပန်အစိုးရသည် နွေရာသီတွင် ကျင်းပမည့် အထက်လွှတ်တော် ရွေးကောက်ပွဲမတိုင်မီ ပြည်သူများ၏ လူနေမှုစရိတ်မြင့်တက်မှု ဖိအားများကို သက်သာစေရန်အတွက် မေလ ၂၂ ရက်နေ့မှ စတင်၍ ဓာတ်ဆီ တစ်လီတာလျှင် ၁၀ ယန်း လျှော့ချပေးမည့် ထောက်ပံ့ရေးအစီအစဉ်သစ် တစ်ရပ်ကို အာဏာတည်စေခဲ့သည်။
ဂျပန်အစိုးရ၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီတွင် စတင်ခဲ့သော ဓာတ်ဆီ ထောက်ပံ့ရေးအစီအစဉ်အရ ဓာတ်ဆီ တစ်လီတာလျှင် ၁၈၅ ယန်းတွင် ထိန်းထားရန်အတွက် လက်ကားရောင်းချသူများအား ထောက်ပံ့ပေးခဲ့သော်လည်း လက်ရှိစျေးနှုန်းမှာ သတ်မှတ်နှုန်းထားအောက် ကျဆင်း နေသည့်အတွက် အစီအစဉ်သစ်အရ စျေးနှုန်းကို ထည့်သွင်းမစဉ်းစားဘဲ ပုံသေသတ်မှတ်၍ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
ဂျပန်အစိုးရ၏ ဓာတ်ဆီထောက်ပံ့ရေးအစီအစဉ်သစ်မှာ ပထမအပတ်တွင် ဓာတ်ဆီလက်ကားဈေး တစ်လီတာလျှင် ၇.၄၀ ယန်းအထိ လျှော့ချရန် ရည်ရွယ်ထားပြီး ရေနံစိမ်းစျေးနှုန်း အပြောင်းအလဲများကို ထည့်သွင်း တွက်ချက်မည်ဆိုပါက ပြီးခဲ့သည့်သီတင်းပတ်မှစ၍ ၅ ယန်းအထိ သိသိ သာသာ လျှော့ချရန် သတ်မှတ်ထားသည်။ ထို့နောက် တစ်ပတ်လျှင် အနည်းဆုံး ၁ ယန်းနှုန်းဖြင့် အဆင့်ဆင့်လျှော့ချသွားမည်ဖြစ်ပြီး ဇွန်လ လယ်တွင် စုစုပေါင်း ၁၀ ယန်းအထိ လျှော့ချနိုင်ရန် ရည်ရွယ်ထားသည်။
ယခုထောက်ပံ့ရေးအစီအစဉ်သစ်ကို မည်သည့်ကာလအထိ ဆောင်ရွက်မည် ကို အတိအကျ မသတ်မှတ်ရသေးသော်လည်း အဆိုပါအစီအစဉ်အတွက် ယန်း ငွေ ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံခန့်) ချထား ပေးသဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လအထိ ဆက်လက် အကောင်အထည်ဖော် နိုင်မည်ဖြစ်သည်။
ယခုထောက်ပံ့ရေးအစီအစဉ်သစ်ကို ဂျပန်အစိုးရအနေဖြင့် ပြန်လည် အာဏာတည်စေခြင်းသည် နွေရာသီတွင် ကျင်းပမည့် အထက်လွှတ်တော် ရွေးကောက်ပွဲမတိုင်မီ ပြည်သူများ၏ စီးပွားရေးအခက်အခဲများကို ဖြေရှင်းရန် နိုင်ငံရေးအရ ဆောင်ရွက်ချက်တစ်ခုဟု သုံးသပ်နိုင်သည်။
ကိုးကား - Kyodo news
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃