တရုတ်နိုင်ငံမှ DeepSeek က ယခုနှစ်အစောပိုင်းက အမေရိကန် စတော့ ရှယ်ယာများ ကျဆင်းစေခဲ့သော ၎င်းတို့၏ AI မော်ဒယ်ကို Update လုပ်
တရုတ်နိုင်ငံမှ AI စတပ်အပ် ကုမ္ပဏီ DeepSeek သည် OpenAI အပါအဝင် အမေရိကန်ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်နိုင်ရန် ကြာသပတေးနေ့ (မေ ၂၉) နံနက်အစောပိုင်းတွင် ၎င်း၏ R1 reasoning model ကို Update လုပ်လိုက်ကြောင်း မိတ်ဆက်ခဲ့ပါသည်။
DeepSeek သည် R1-0528 မော်ဒယ်ကို developer platform Hugging Face တွင် စတင်မိတ်ဆက်ခဲ့သော်လည်း တရားဝင်ကြေညာချက် မထုတ်ပြန်သေးဘဲ မော်ဒယ်၏ လက္ခဏာများနှင့် အခြားမော်ဒယ်များနှင့် နှိုင်းယှဉ်ချက်များကိုလည်း မဖော်ပြသေးပေ။
သို့သော် UC Berkeley၊ MIT နှင့် Cornell တက္ကသိုလ်များမှ သုတေသီများ ဖန်တီးထားသော LiveCodeBench leaderboard အရ DeepSeek R1 reasoning model သည် OpenAI ၏ o4 mini နှင့် o3 reasoning model များထက် အနည်းငယ်သာနိမ့်ပြီး xAI ၏ Grok 3 mini နှင့် Alibaba ၏ Qwen 3 တို့ထက် သာလွန်နေသည်။
Bloomberg သတင်းဌာနက ဗုဒ္ဓဟူးနေ့ တွင် အဆိုပါအပ်ဒိတ်အကြောင်း ဖော်ပြခဲ့ပြီး DeepSeek ကိုယ်စားလှယ်တစ်ဦးက WeChat group တွင် “minor trial upgrade” ပြီးစီးကြောင်းနှင့် အသုံးပြုသူများ စမ်းသပ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်အစောပိုင်းက DeepSeek သည် အမေရိကန်၏ AI တိုးတက်မှုကို နှောင့်နှေးစေသည်ဟု ယူဆခဲ့ကြသော အမေရိကန် ပို့ကုန်ထိန်းချုပ်မှု များကို စိန်ခေါ်ခဲ့သည်။ ၎င်းတို့သည် အမေရိကန်ရှိ ထိပ်တန်း AI မော်ဒယ်များနှင့် ရင်ပေါင်တန်းနိုင်သည့် (သို့မဟုတ်) ပိုမိုကောင်းမွန်သော AIမော်ဒယ်များကို အနည်းငယ်သော ကုန်ကျစရိတ်ဖြင့် ထုတ်လုပ်နိုင်ခဲ့သည်။
DeepSeek ၏ R1 မော်ဒယ် ဇန်နဝါရီလတွင် ထွက်ရှိခဲ့ချိန်က တရုတ်ပြင်ပရှိ နည်းပညာစတော့များကို ကျဆင်းစေခဲ့ပြီး AI ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကြီးမားသော computing power နှင့် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်သည်ဟူသော အမြင်ကို စိန်ခေါ်ခဲ့သည်။ R1 ထွက်ရှိပြီးနောက် Alibaba နှင့် Tencent အပါအဝင် တရုတ်နည်းပညာကြီးကဏ္ဍများက DeepSeek ထက်သာလွန်သည်ဟု ဆိုသော မော်ဒယ်များကို မိတ်ဆက်ခဲ့ကြသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂