ဟားမက်အဖွဲ့က စစ်ရပ်စဲရေးသဘောတူညီချက်ကို ငြင်းဆိုခြင်းမရှိဟု ဆိုသော်လည်း ဝစ်ကော့ဖ်က ၎င်းတို့၏တုံ့ပြန်မှုမှာ လက်မခံနိုင်စရာ ဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်
ဟားမက်အဖွဲ့သည် စနေနေ့ (မေ ၃၁) က အမေရိကန်က အဆိုပြုထားသော ဂါဇာစစ်ရပ်စဲရေးအစီအစဉ်ကို တုံ့ပြန်ခဲ့ပြီး စစ်ပွဲအဆုံးသတ်ရန် တောင်းဆိုမှုကို ထပ်လောင်းပြုလုပ်ခဲ့သည်။ အမေရိကန်၏ အရှေ့ အလယ်ပိုင်း သံတမန် စတိဗ်ဝစ်ကော့ဖ်က အဆိုပါတောင်းဆိုမှုကို “လုံးဝလက်မခံနိုင် စရာ” ဟု ဝေဖန်ခဲ့သည်။
ဟားမက်၏တုံ့ပြန်ချက်တွင် အမေရိကန်အဆိုပြုချက်၏ အဓိကအချက် (၃) ချက်ကို ပြင်ဆင်ရန် တောင်းဆိုထားကြောင်း အဆိုပါအရင်းအမြစ်က ဆိုသည်။ ၎င်းတွင် အမြဲတမ်းစစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်ရန်နှင့် ယာယီရပ်စဲပြီးနောက် ပြန်လည်တိုက်ခိုက်မှု မရှိစေရေး အမေရိကန်၏ အာမခံချက်တောင်းဆိုသည့် အဆိုပြုချက်၊ ကုလသမဂ္ဂ မှတစ်ဆင့် လူသားချင်းစာနာမှုအကူအညီများ ပေးပို့ရန်နှင့် အစ္စရေးတပ် များကို မတ်လ ၂ ရက်နေ့က ရှိခဲ့သည့် နေရာများသို့ ပြန်လည်ဆုတ်ခွာ စေရန် တို့ကိုတောင်းဆိုထားသည်။
ထို့အပြင် “အဆိုပါသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အသက်ရှင်လျက်ရှိသည့် အစ္စရေးအကျဉ်းသား ၁၀ ဦးကို ပြန်လည် လွှတ်ပေးမည်ဖြစ်ပြီး၊ သေဆုံးပြီး ဓားစာခံ ၁၈ လောင်းနှင့် လဲလှယ်ရန် သဘောတူညီထားသော ပါလက်စတိုင်း အကျဉ်းသားအရေအတွက်လည်း ပါဝင်မည်ဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝစ်ကော့ဖ်က စနေနေ့ (မေ ၃၁) တွင် X ၌ ဟားမက်၏တုံ့ပြန်ချက်ကို “လုံးဝလက်မခံနိုင်” ဟု ရှုတ်ချကာ “ဤသည်မှာ ညှိနှိုင်းမှုအား နောက်ပြန် ဆွဲခြင်းသာဖြစ်စေသည်” ဟု ရေးသားခဲ့သည်။
ထို့ပြင် “ဟားမက်တို့အနေဖြင့် မိမိတို့တင်ပြထားသော မူဘောင် အဆိုပြုချက်ကို လက်ခံသင့်ပြီး လာမည့်သီတင်းပတ်တွင်ပင် ချက်ချင်း စတင်နိုင်သည့် အနီးကပ်ဆွေးနွေးပွဲများအတွက် အခြေခံအဖြစ် အသုံးပြုသင့်သည်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဟားမက်၏နိုင်ငံရေးဗျူရိုအဖွဲ့ဝင် Basem Naim က အမေရိကန် သံတမန်၏ မှတ်ချက်များအား “လုံးဝဘက်လိုက်မှု” ဟု ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့ပြီး အမေရိကန်သည် ယခင်က ဟားမက်နှင့် သဘောတူညီချက်တစ်ခုကို သဘောတူခဲ့သော်လည်း အစ္စရေးက ယင်းသဘောတူညီချက်ကို ပြင်ဆင်ခဲ့ကြောင်း CNN အား ပြောကြားခဲ့သည်။
“အစ္စရေးသည် မိမိတို့၏ဖမ်းဆီးခံရသူများပြန်လည်ရရှိရေးနှင့် ဟားမက် အား အနိုင်ယူရန် လုပ်ဆောင်မှုများကို ဆက်လက်ဆောင်ရွက်မည်” ဟု အစ္စရေးဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂