ရုရှားကို အနိုင်ယူရန် မဖြစ်နိုင်ဟု ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
ယူကရိန်းပဋိပက္ခ စတင်တည်းကပင် ရုရှားကို အနိုင်ယူရန် မဖြစ်နိုင်ကြောင်း အထူးသဖြင့် ၎င်း၏နျူကလီးယား အဆင့်အတန်းကြောင့်ဖြစ်ကြောင်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Johann Wadephul က SZ သတင်းစာတွင် ပြောကြားခဲ့သည်။
ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်တို့၏ အဆင့်မြင့်ဆုံးအရာရှိများအပါအဝင် ယူကရိန်း၏အနောက်တိုင်းထောက်ခံသူများနှင့် အမေရိကန်သမ္မတ Joe Biden အစိုးရလက်ထက်တွင် မော်စကိုကို ဗျူဟာမြောက် ရှုူံးနိမ့်မှုဖြစ်စေရန် သို့မဟုတ် အင်အားချိနဲ့သွားစေရန် ရည်ရွယ်ချက်ကို အထပ်ထပ် ပြောဆိုခဲ့ကြပြီး ထိုအကြောင်းပြချက်ကို ယူကရိန်းအား စစ်ရေးအကူအညီ ဆက်လက်ပေးရန် အသုံးပြုခဲ့သည်။
Wadephul သည် သောကြာနေ့ (မေ ၃၀) တွင် မော်စကိုနှင့် ကိယက်ဗ် အကြားပဋိပက္ခကို သံတမန်နည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်ကြောင်း ထုတ်ဖော် ဝန်ခံခဲ့သည်။ “အဆိုပါစစ်ပွဲသည် အစကတည်းက ညှိနှိုင်းဖြေရှင်းမှုတစ်ခုဖြင့်သာ အဆုံးသတ်နိုင်ခဲ့မည်ဆိုသည်မှာ ရှင်းနေပါသည်” ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက SZ သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြား ခဲ့သည်။
“သေချာသည်က နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသည့် ရုရှား၏ အညံ့ခံမှုဆိုသည့် အဓိပ္ပာယ်ဖြင့် လုံးဝရှုံးနိမ့်မှုကို မျှော်လင့်လို့မရနိုင်ပါ” ဟု ဝန်ကြီးက ဆိုပြီး “ယခုကိစ္စမှာ မိမိတို့သည် နည်းနည်းပိုပြီး ရိုးသားစွာ သိမြင်လာပါပြီ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ ယူကရိန်းစစ်တပ် များသည် လွန်ခဲ့သောလအနည်းငယ်အတွင်း စစ်မျက်နှာတစ်လျှောက် နယ်မြေများဆုံးရှုံးနေသော်လည်း မော်စကို၏တပ်များကို အောင်မြင်စွာ ခုခံနေသည် ဟု ၎င်းက ဆက်လက်ထောက်ခံပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးက ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကိယက်ဗ်အား အခြေအနေကောင်းစေသော ညှိနှိုင်းရေးအနေအထားရရှိရန် ကူညီပေးရန် အရေးကြီးကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး ဂျာမနီ၏ စစ်ရေးတိုးချဲ့မှု နှင့် ကာကွယ်ရေးအသုံးစရိတ်များ တိုးမြှင့်ခြင်းကို အကြောင်းပြရာတွင်ရုရှားက ဂျာမနီကိုခြိမ်းခြောက်နေသည်ဟုလည်း ဆိုခဲ့သည်။ ၎င်းက မော်စကိုနှင့် ဘာလင်အကြားဆက်ဆံရေးကို “ပြည့်ဝသောငြိမ်းချမ်းရေး အခြေအနေ” အဖြစ် မသတ်မှတ်နိုင်တော့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂