တက်စလာစီအီးအို အီလွန်မက် အစိုးရအဖွဲ့မှ ထွက်ခွာသွားသော်လည်း ထရမ့်၏ အနီးကပ်အကြံပေးအဖြစ် ဆက်ရှိနေမည်

News Image

  • တက်စလာစီအီးအို အီလွန်မက် အစိုးရအဖွဲ့မှ ထွက်ခွာသွားသော်လည်း ထရမ့်၏ အနီးကပ်အကြံပေးအဖြစ် ဆက်ရှိနေမည်

တက်စလာလျှပ်စစ်ကားကုမ္ပဏီစီအီးအို အီလွန်မက်က အစိုးရအဖွဲ့တွင် လေးလကြာ တာဝန်ထမ်းဆောင်မှု ပြီးဆုံးသွားသော်လည်း အနီးကပ် အကြံပေးအဖြစ် ဆက်ရှိနေမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေ ၃၀ ရက်တွင် ပြောကြားလိုက်သည်။

အိမ်ဖြူတော် ဘဲဥပုံရုံးခန်းတွင် ပြုလုပ်သည့် နှုတ်ဆက်ပွဲတွင် ထရမ့်က ဖက်ဒရယ်အသုံးစရိတ် ဖြတ်တောက်ရေးဌာန (DOGE) ၏ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည့် မက်ကို ချီးကျူးစကားများ ဆိုခဲ့သည်။

အစိုးရအမှုထမ်းအဖြစ် ရက်ပေါင်း ၁၃၀ တာဝန်ပြီးဆုံးပါက အစိုးရအဖွဲ့မှ ထွက်ခွာမည်ဟု အီလွန်မက်က မကြာသေးမီက ကြေညာခဲ့သည်။ ၎င်း တာဝန်ယူမှုက မေ ၃ဝ ရက်ဝန်းကျင်တွင် သက်တမ်းစေ့သွားခဲ့ပြီ ဖြစ်သည်။

နှုတ်ဆက်ပွဲတွင် ထရမ့်က “မက်က တစ်ကယ်ကျောခိုင်းသွားတာ မဟုတ်ပါဘူး။ အိမ်ဖြူတော်ကို သွားလိုက်ပြန်လိုက်တော့ လုပ်နေမှာပါ” ဟုပြောသည်။ DOGE ၏ စွမ်းဆောင်မှုကြောင့် အစိုးရအရာရှိများ၏ အတွေးအခေါ်များ ပြောင်းလဲလာသည်ဟုလည်း သမ္မတကဆိုသည်။

DOGE ဝက်ဘ်ဆိုက်ဖော်ပြချက်အရ မေ ၂၉ ရက်အထိ ၎င်းတို့ဌာနက အမေရိကန်အစိုးရအတွက် ဒေါ်လာ ၁၇၅ ဘီလီယံကို အလေအလွင့် မဖြစ်အောင် သက်သာစေခဲ့သည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များအနက် တစ်ဦးအပါအဝင်ဖြစ်သည့် မက်သည် ၂၀၂၄ ခုနှစ်တွင် ထရမ့်နှင့်ရီပတ်ဘလီကန်အမတ်များ ရွေးကောက်ခံရစေရန် အမေရိကန်ဒေါ်လာသန်း ၃၀၀ နီးပါး စိုက်ထုတ်ကူညီခဲ့သည်။

အီလွန်မက်ဦးဆောင်သည့် DOGE ကြောင့် အစိုးရဌာနများရှိ ဝန်ထမ်းများစွာ အလုပ်ပြုတ်ခဲ့ရသည်။ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID မှလည်ပတ်နေသည့် ပရိုဂရမ်အများစု ရပ်ဆိုင်းသွားခဲ့သည်။

ထို့နောက်မက်၏ တက်စလာကုမ္ပဏီကို ကမ္ဘာတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်လာသည်။ သပိတ်မှောက်ရန် ဆော်ဩလာကြသည်။ ကုမ္ပဏီ၏ အရောင်းနှုန်းလည်း အနိမ့်ဆုံးအဆင့်ထိ ထိုးကျခဲ့သည်။

ကိုးကား- Eleven Media Group