အစ္စရေးက အနောက်ဘက်ကမ်းခြေရှိ နယ်မြေများကို ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး ချဲ့ထွင်ရန် အတည်ပြု
အစ္စရေးနိုင်ငံသည် သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေဒေသရှိ ဂျူးအခြေချနေထိုင်မှုများကို အကြီးမားဆုံးချဲ့ထွင်ရန် ယခုသီတင်းပတ်အတွင်း အတည်ပြုလိုက်ပြီး အဆိုပါလုပ်ရပ်ကို ၎င်းဒေသ၏ အမှန်တကယ် သိမ်းပိုက်မှုကို ဆက်လက်လုပ်ဆောင်ခြင်းဟု ဖော်ပြထားသည်။
အခြေချနေထိုင်မှုများကို ခြေရာခံသော အစ္စရေး အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် Peace Now က ဤသည်မှာ လွန်ခဲ့သော နှစ် ၃၀ ကျော်က Oslo သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် အကြီးမားဆုံး အခြေချနေထိုင်မှု ချဲ့ထွင်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒေါ်လာ ၁.၆ ဘီလီယံကျော် တန်ဖိုးရှိသော အဆိုပါအစီအစဉ်တွင် အနောက်ဘက်ကမ်းခြေဒေသ အတွင်းပိုင်းနှင့် အစ္စရေးယခင်က ရုပ်သိမ်း ထားသော နယ်မြေများအပါအဝင် ကျေးရွာအသစ် ၂၂ ခု တည်ဆောက်မည် ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီး Israel Katz နှင့် အစွန်းရောက် လက်ယာယိမ်း ဘဏ္ဍာရေးဝန်ကြီး Bezalel Smotrich တို့၏ ပူးတွဲ ထုတ်ပြန်ချက်အရ အဆိုပါဆုံးဖြတ်ချက်သည် နိုင်ငံ၏ လုံခြုံရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဆိုသည်။
ထုတ်ပြန်ချက်တွင် “ကျေးရွာအသစ်အားလုံးကို အစ္စရေး၏ နယ်မြေ ထိန်းချုပ်မှုကို အားဖြည့်ရန်၊ ပါလက်စတိုင်းနိုင်ငံတစ်ခု ပေါ်ထွန်း မလာ စေရန်နှင့် လာမည့်ဆယ်စုနှစ်များအတွက် အခြေချနေထိုင်မှုဖွံ့ဖြိုးရေး အာမခံချက်များရရှိရန် ရေရှည်မဟာဗျူဟာမြောက် ရည်မှန်းချက်ဖြင့် တည်ထောင်ခြင်းဖြစ်သည်” ဟု ဖော်ပြထားသည်။
ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ သမ္မတပြောရေးဆိုခွင့်ရှိသူ Nabil Abu Rudeineh က အဆိုပါကြေညာချက်အား “အန္တရာယ်ရှိသော အရှိန်မြှင့် လုပ်ဆောင်မှုနှင့် အပြည်ပြည်ဆိုင်ရာ တရားဝင်မှုနှင့် ဥပဒေကို စိန်ခေါ်မှု” ဟု ပြောကြားခဲ့သည်။
အခြေချနေထိုင်မှု အတည်ပြုချက်ဆိုင်ရာ သတင်းများ ထွက်ပေါ်ပြီးနောက် အပတ်စဉ်ထုတ်ပြန်ချက်တွင် Abu Rudeineh က အဆိုပါလုပ်ရပ်သည် “ဒေသတွင်း အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုကို ရေရှည်ဖြစ်စေမည်” ဟု ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂