ဂါဇာတွင် အကူအညီဖြန့်ဖြူးရေး ကစဉ့်ကလျားဖြစ်လာသည်နှင့်အမျှ အစ္စရေးအပေါ် ကန့်ကွက်မှုများ တိုးပွားလာနေ
အမေရိကန်နှင့် အစ္စရေးတို့ ကျောထောက်နောက်ခံပြုထားသည့် အငြင်းပွားဖွယ် အကူအညီဖြန့်ဖြူးရေး ယန္တရားသစ်စတင်ချိန်၌ ဂါဇာတွင် အကူအညီဖြန့်ဖြူးမှုများ ကစဉ့်ကလျားဖြစ်လာသည်နှင့်အမျှ အစ္စရေး အပေါ် နိုင်ငံတကာဖိအား မြင့်တက်လာနေသည်။
ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခု သီတင်းပတ်အစောပိုင်းတွင် အကူအညီဖြန့်ဖြူးရေးနေရာများ ဖွင့်လှစ်ချိန်မှစ၍ ဂါဇာတောင်ပိုင်းရှိ အကူအညီစုဆောင်းရာနေရာများသို့ အရှိန် အဟုန်ဖြင့်စုဝေးရောက်ရှိလာသော ပြည်သူများကြောင့် လူ ၁၁ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီဒဏ်ရာရရှိခဲ့သည်။
သို့သော် အကူအညီဖြန့်ဖြူးရေးနေရာသစ်များကို အုပ်ချုပ်သည့် ဂါဇာ လူသားချင်းစာနာမှုအဖွဲ့ (GHF) က ကြာသပတေးနေ့ (မေ ၂၉) တွင် အကူအညီဖြန့်ဖြူးစဉ် တစ်ဦးတစ်ယောက်မျှ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာ ရရှိခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့သည်။
အစ္စရေး၏ ၁၁ ပတ်ကြာ ပိတ်ဆို့မှုကြောင့် အငတ်ဘေးနှင့် ရင်ဆိုင်နေရသော ပါလက်စတိုင်း သောင်းဂဏန်းသည် လွန်ခဲ့သော သုံးရက်အတွင်း GHF ၏ ဖြန့်ဖြူးရေးနေရာများနှင့် ကုလသမဂ္ဂ၏ ကမ္ဘာ့ စားနပ် ရိက္ခာ အစီအစဉ် (WFP) ဂိုဒေါင်တစ်ခုသို့ စုပြုံရောက်ရှိလာကာ စားနပ်ရိက္ခာ အထုပ်များနှင့် ဂျုံအိတ်များကို လုယက်ခဲ့ကြသည်။ ဂါဇာတွင် အစားအစာ ရှားပါးမှုသည် မကြာသေးမီရက်များအတွင်း စိတ်ပျက်ဖွယ် မြင်ကွင်းများ နှင့် လုယက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
အကူအညီဖြန့်ဖြူးရေး ယန္တရားသစ် စတင်ချိန်တွင် အစ္စရေး၏ အနီးကပ် မဟာမိတ်အချို့ပင် ဂါဇာရှိ ၎င်း၏လုပ်ရပ်များကို ပိုမိုပြတ်ပြတ်သားသား ရှုတ်ချလာကြပြီး ဗုံးကြဲတိုက်ခိုက်မှုနှင့် အကူအညီပိတ်ဆို့မှုများ ဆက်လက် ဖြစ်ပွားပါက အရေးယူမည်ဟု ခြိမ်းခြောက်မှုများ ပြုလာကြသည်။
ဗုဒ္ဓဟူးနေ့ (မေ ၂၈) တွင် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ Kaja Kallas က “အစ္စရေး၏ ဂါဇာတိုက်ခိုက်မှုများသည် ဟားမက်ကို တိုက်ဖျက်ရန်လိုအပ်သည်ထက် ကျော်လွန်နေသည်” ဟု ပြောကြားခဲ့သည်။ သူမသည် GHF မှ အုပ်ချုပ်သည့် အကူအညီဖြန့်ဖြူးရေး ယန္တရားသစ်ကိုလည်း ဝေဖန်ကာ “လူသားချင်းစာနာမှုအကူအညီဖြန့်ဖြူးရေးကို ပုဂ္ဂလိက လက်သို့ အပ်နှင်းခြင်းမျိုးကို ဥရောပသမဂ္ဂက ထောက်ခံမည်မဟုတ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား- CNN