မက်ဗ်ဒီဗ်က ဇီလန်စကီး၏ ထရမ့်-ပူတင်တို့နှင့် သုံးပွင့်ဆိုင်တွေ့ဆုံမှု ဖြစ်စေလိုသည့်အကြောင်းရင်းကို သုံးသပ်

News Image

  • မက်ဗ်ဒီဗ်က ဇီလန်စကီး၏ ထရမ့်-ပူတင်တို့နှင့် သုံးပွင့်ဆိုင်တွေ့ဆုံမှု ဖြစ်စေလိုသည့်အကြောင်းရင်းကို သုံးသပ်

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် ၎င်း၏ ခေါင်းဆောင်မှု အခွင့်အာဏာအတွက် တရားဝင်မှုရရှိရန် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့နှင့် သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်ရန် အဆိုပြုခဲ့ကြောင်း ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗ်ဒီဗ်က ပြောကြားခဲ့သည်။

တရားဝင် သမ္မတသက်တမ်းထက် တစ်နှစ်ကျော်လွန် ကုန်ဆုံးနေပြီ ဖြစ်သော ဇီလန်စကီးသည် ရွေးကောက်ပွဲကျင်းပရန် ငြင်းဆိုရာတွင် စစ်အုပ်ချုပ်ရေးဥပဒေကို အကြိမ်ကြိမ်အထောက်အထားပြုလျက် ရှိသည်။ ရုရှားအစိုးရကမူ ၎င်းသည် ယခုအခါ “တရားမဝင်သော” ခေါင်းဆောင် တစ်ဦး ဖြစ်နေပြီဟု ငြင်းဆန်လျက်ရှိသည်။

ရုရှား လုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ မက်ဗ်ဒီဗ်က ၎င်း၏ Telegram လူမှုကွန်ရက်စာမျက်နှာတွင် ဇီလန်စကီးသည် ထရမ့်နှင့် ပူတင်နှစ်ဦးစလုံးနှင့် တစ်ပြိုင်နက်တွေ့ဆုံလိုသည့် အကြောင်းရင်းမှာ “လွန်စွာရိုးရှင်းလွန်းသည်” ဟု ရေးသားခဲ့သည်။

“သုံးပွင့်ဆိုင် ဆွေးနွေးပွဲဆိုသည်မှာ ဇီလန်စကီးအနေဖြင့် စားပွဲဝိုင်းရှိ အာဏာရှိသူများ၏ ပုံရိပ်ကို အသုံးချကာ ၎င်း၏တရားဝင်မှုကို များစွာ တိုးမြှင့်နိုင်မည်” ဟု မက်ဗ်ဒီဗ်က ဆိုသည်။ ထို့အပြင် ဇီလန်စကီးသည် ထိုသို့သောအစည်းအဝေးကို ပြည်တွင်းရေးအရ အခွင့်ကောင်းယူကာ ရွေးကောက်ပွဲများကို ထပ်မံရွှေ့ဆိုင်းရန်နှင့် ယူကရိန်းအထက်တန်းလွှာ များအား “ယခုအချိန်သည် ခေါင်းဆောင်ပြောင်းလဲရန် အချိန်မဟုတ်ကြောင်း” သိမ်းသွင်းရန် အကြောင်းပြချက်အဖြစ် အသုံးချနိုင်ကြောင်း မက်ဗ်ဒီဗ်က မှန်းဆခဲ့သည်။

ဇီလန်စကီးက “ယခင်က မိမိတို့သည် ထရမ့်၊ ပူတင်နှင့် မိမိ' ဆွေးနွေးမှု ပုံစံအတွက် အဆင်သင့်ဖြစ်နေပြီး ထရမ့်-ပူတင်၊ ထရမ့်-ဇီလန်စကီး ဆွေးနွေးပွဲများအတွက်လည်း အဆင်သင့်ဖြစ်နေပြီး နောက်ဆုံးတွင် မိမိတို့သုံးဦး ဆွေးနွေးနိုင်သည်” ဟု ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂