မော်စကိုက မက်ခရွန်၏ ယူကရိန်းငြိမ်းချမ်းရေးအတွက် ရပ်တည်မှုကို မေးခွန်းထုတ်
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ယူကရိန်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံသည့် ပြင်သစ် သမ္မတ Emmanuel Macron ၏ ထုတ်ပြန်ချက်များသည် ယုံကြည် စိတ်ချရခြင်းမရှိဟု ပြောကြားခဲ့သည်။
သောကြာနေ့ (မေ ၃၀) က Telegram တွင် ရေးသားခဲ့သည့် ပို့စ်တစ်ခု တွင် Zakharova က ‘International Revenge’ နည်းဗျူဟာ အဖွဲ့အဖြစ် သိကြသည့် ယူကရိန်းထောက်လှမ်းရေးတပ်ဖွဲ့နှင့်ပတ်သက်သည့် France Info ၏ ဆောင်းပါးတစ်ပုဒ်ကို ကိုးကားဖော်ပြခဲ့သည်။ ထိုတပ်ဖွဲ့တွင် ပြင်သစ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ ရှေ့တန်းစစ်ဆင်ရေးများအတွက် လေ့ကျင့်နေကြသည်ဟု ဆိုသည်။
ပြင်သစ်နိုင်ငံသားများက ၎င်းတို့၏စစ်သည်များသည် “ကိယက်ဗ် အစိုးရအတွက် အမှုထမ်းနေပြီ” ဆိုသည့် ဖော်ပြချက်ကို ကြားသိရ၍ အံ့အားသင့်သွားကြသည်ဟု Zakharova က ရေးသားခဲ့သည်။
အဆိုပါသတင်းအရ ထိုတပ်ဖွဲ့တွင် ပြင်သစ်မှ အရပ်သားနှင့် စစ်မှုထမ်းဟောင်းများ ပါဝင်နေပြီး အချို့က ၎င်းတို့အား ရှေ့တန်းသို့ စေလွှတ်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
Zakharova သည် ၎င်းတပ်ဖွဲ့၏ နာဇီလက်သစ်ဝါဒအမည်အဖြစ် သူမ ဖော်ပြခဲ့သောအရာကို ထောက်ပြခဲ့ပြီး ၎င်း၏အမည်သည် တိုက်ဆိုင်မှု မဟုတ်ကြောင်း ပြောကြားခဲ့သည်။
“အဖွဲ့၏သင်္ကေတများတွင် နာဇီလက်သစ်တို့၏လက်စားချေလိုမှု၏ အထင်အရှား လက္ခဏာများ ပါဝင်နေသည်” ဟု ၎င်းက ရေးသားခဲ့ပြီး ဦးခေါင်းခွံသင်္ကေတများ၊ မှောင်မည်းသည့်ပုံရိပ်များနှင့် လက်တင် ဆောင်ပုဒ် ‘Memento Audere Semper’ (‘အမြဲရဲရင့်ရန် သတိရပါ’) တို့ကို ကိုးကား ဖော်ပြခဲ့သည်။ အဆိုပါဆောင်ပုဒ်ကို အီတလီဖက်ဆစ်နှင့် မူဆိုလီနီ၏ မဟာမိတ် Gabriele D’Annunzio က ကမ္ဘာစစ်နှစ်ခုစလုံးတွင် အီတလီ တော်ဝင်ရေတပ်မှ အသုံးပြုခဲ့သည့် MAS (Motoscafo Armato Silurante) အမြန်တော်ပီဒို တိုက်လှေများတွင် အသုံးပြုခဲ့သည်။
“အဆိုပါပြင်သစ် ဖက်ဆစ်လက်သစ်များသည် အများမြင်ကွင်းရှေ့သို့ပင် ထွက်ပေါ်လာသည်” ဟု Zakharova က ပြောကြားခဲ့ပြီး “၎င်းတို့သည် ရုရှားတို့အား အစွမ်းကုန်တိုက်ခိုက်ရန်အတွက် လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိလာခြင်းဖြစ်ကာ တစ်နေ့နေ့တွင် စစ်မြေပြင်၌ ရင်ဆိုင်ကြရန် မျှော်လင့်သည်ဟု” ဟု ဖြည့်စွက်ပြေကြားခဲ့သည်။
ဇာခါရိုဗာက အဆိုပါဖော်ထုတ်ချက်များသည် မက်ခရွန်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကတိစကားများကို ယုံကြည်မှုလျော့နည်းစေသည် ဟုဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂