အမေရိကန်ဆီးနိတ်လွှတ်တော်အမတ်နှစ်ဦး ကိယက်ဗ်တွင် ဇီလန်စကီးနှင့် တွေ့ဆုံ၊ ရုရှားအပေါ် ပိုမိုပြင်းထန်သော ဒဏ်ခတ်မှုများ တောင်းဆို

News Image

  • အမေရိကန်ဆီးနိတ်လွှတ်တော်အမတ်နှစ်ဦး ကိယက်ဗ်တွင် ဇီလန်စကီးနှင့် တွေ့ဆုံ၊ ရုရှားအပေါ် ပိုမိုပြင်းထန်သော ဒဏ်ခတ်မှုများ တောင်းဆို

ပါတီနှစ်ရပ်မှ အမေရိကန်ဆီးနိတ်လွှတ်တော်အမတ်နှစ်ဦးသည် သောကြာ နေ့ (မေ ၃၀) တွင် ယူကရိန်းသမ္မတ Volodymyr Zelensky နှင့် ကိယက်ဗ်၌ တွေ့ဆုံပြီး ရုရှားအပေါ် ပိုမိုပြင်းထန်သော ဒဏ်ခတ်မှုများ ချမှတ်ရန် တိုက်တွန်းခဲ့ပြီး လာမည့်ရက်အနည်းငယ်အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ထပ်မံကျင်းပမည့်အခြေအနေနှင့်ပတ်သက်၍လည်း မရေရာမှုများ ရှိနေသည်။

တောင်ကယ်ရိုလိုင်းနားမှ ရီပတ်ပလီကန်ဆီးနိတ်အမတ် Lindsey Graham နှင့် ကွန်နက်တီကတ်မှ ဒီမိုကရက်တစ်ဆီးနိတ်အမတ် Richard Blumenthal တို့သည် ကိယက်ဗ်၌ ဇီလန်စကီးနှင့် အခြားအဆင့်မြင့် ယူကရိန်း အရာရှိများနှင့် တွေ့ဆုံခဲ့ကြသည်။ ၎င်းတို့၏ခရီးစဉ်သည် ရုရှားက စစ်ပွဲ စတင်သည့်နေ့မှစ၍ အကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုကို စတင် ပြီးသည့်နောက် ရက်ပိုင်းအတွင်းနှင့် အမေရိကန်က သုံးနှစ်ကြာ ပဋိပက္ခ ရပ်စဲရန် မော်စကိုအပေါ် ဖိအားမြှင့်တင်နေချိန်တွင် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းသမ္မတရုံး၏ ထုတ်ပြန်ချက်အရ ဆွေးနွေးခဲ့သည့် အကြောင်းအရာများတွင် လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ရုရှားအပေါ် အမေရိကန်၏ ဒဏ်ခတ်မှုများ ပိုမိုအားကောင်းစေရန် တင်ပြထားသည့် ဥပဒေကြမ်းတို့ ပါဝင်သည်။

Graham နှင့် Blumenthal တို့သည် ရုရှားအပေါ် ပိုမိုပြင်းထန်သော ဒဏ်ခတ်မှုများချမှတ်ရန် ပါတီနှစ်ရပ်ပူးတွဲဥပဒေကြမ်းကို ပံ့ပိုးကူညီ နေကြသည်။ ရုရှားက လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုအလေးပေး လာသည်နှင့်အမျှ ယခုရက်ပိုင်းအတွင်း ရီပါပလီကန် လွှတ်တော် အမတ် များစွာထံမှ ထောက်ခံမှုများ ရရှိလာသည်။

Graham က ဥပဒေကြမ်းအတည်ပြုမဲပေးရန် လာမည့်သီတင်းပတ်တွင် လွှတ်တော်အမတ်များ ဆက်လက်လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။ အဆိုပါဥပဒေကြမ်းကို နှစ်ဖက်ပါတီမှ ဆီးနိတ်အမတ် ၈၂ ဦးက ထောက်ခံ ထားပြီး ရုရှားရေနံ၊ ဓာတ်ငွေ့၊ ယူရေနီယမ်နှင့် အခြားကုန်ပစ္စည်းများကို ဝယ်ယူသည့်နိုင်ငံများမှ တင်သွင်းသောကုန်စည်များအပေါ် ၅၀၀% အကောက်ခွန် စည်းကြပ်မည်ဖြစ်သည်။ ၎င်းသည် ကွန်ဂရက် လွှတ်တော် နှစ်ရပ်စလုံးမှ အတည်ပြုပြီး သမ္မတ Donald Trump လက်မှတ်ရေးထိုး ပြီးမှသာ ဥပဒေအဖြစ် အာဏာတည်မည်ဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂