ဒုတိယအကြိမ်မြောက် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် စတင်ကျင်းပ
ဆွေးနွေးပွဲမတိုင်မီက ကိယက်ဗ်အစိုးရသည် ရုရှားနယ်မြေအတွင်း ပြည်သူ့အခြေခံအဆောက်အအုံများ၊ ရထားများနှင့် လေတပ်အခြေစိုက် စခန်းများကို ပစ်မှတ်ထား၍ ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ မော်စကိုအစိုးရက ယင်းတို့သည် ဆွေးနွေးပွဲများကို ဖျက်ဆီးရန် ကြိုးပမ်းမှုများဖြစ်သည်ဟု ဆိုသည်။
ဆွေးနွေးပွဲစီစဉ်ထားသည့် တစ်ရက်အလိုတွင် ရုရှား၏ ဘရီယန်းစ်နှင့် ကာ့စ်နယ်စပ်ဒေသများရှိ တံတားနှစ်စင်း ပြိုကျပျက်စီးခဲ့ပြီး အနည်းဆုံး ခုနစ်ဦးသေဆုံးကာ ဒါဇင်ချီ၍ဒဏ်ရာရရှိခဲ့သည်။ ရုရှားစုံစမ်းရေး ကော်မတီ၏ အဆိုအရ ယင်းဖြစ်စဉ်များသည် အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ထိုနေ့ညနေပိုင်းတွင် ဒရုန်းများဖြင့် မြောက်ပိုင်း Murmansk ဒေသ၊ အနောက်ပိုင်း Ivanovo နှင့် Ryazan ဒေသများ၊ ဆိုက်ဘေးရီးယားရှိ Irkutsk နှင့် အရှေ့ဖျားပိုင်း Amur ဒေသရှိ လေတပ် အခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့သည်။ ကိယက်ဗ်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့် အနေဖြင့် ရုရှားသည် ယူကရိန်း၏ ကာကွယ်ရေးစက်မှုလုပ်ငန်းများ၊ စစ်ဘက်ဆိုင်ရာနေရာများနှင့် ဂိုဒေါင်များကို ပစ်မှတ်ထား၍ လက်စားချေ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
စစ်ရေးဘလော့ဂါများနှင့် ဆန်းစစ်သူအချို့က ကိယက်ဗ်သည် အနောက် နိုင်ငံများအား ၎င်းတို့တွင် ရုရှားကို ဆက်လက် တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ပြသရန်နှင့် ရုရှားပြည်သူများကို ခြိမ်းခြောက်ရန် ယခုကဲ့သို့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဟန် ရှိသည်ဟုဆိုသည်။
တနင်္ဂနွေ (ဇွန် ၁) နေ့လယ်ပိုင်းတွင် သမ္မတလက်ထောက် ဗလာဒီမာ မက်ဒင်စကီး ဦးဆောင်သော ရုရှားကိုယ်စားလှယ်အဖွဲ့သည် အစ္စတန်ဘူလ် သို့ ရောက်ရှိခဲ့သည်။ ယူကရိန်းအဖွဲ့ကို ကာကွယ်ရေးဝန်ကြီး ရူစတမ် ဥမာရော့ဗ်က ဦးဆောင်သည်။ Reuters ၏ ဖော်ပြချက်အရ ကိယက်ဗ် ကိုယ်စားလှယ်အဖွဲ့သည် ၃၀ ရက်ကြာ စစ်ပြေငြိမ်းရေး၊ အကျဉ်းသား လဲလှယ်မှုနှင့် ရုရှားထိန်းချုပ်ထားသော နယ်မြေများမှ ယူကရိန်းကလေးငယ်များ ပြန်လည်ပေးအပ်ရေးကို အဆိုပြုမည်ဖြစ်ပြီး နောက်ဆုံး တွင် ဗလာဒီမာ ပူတင်နှင့် ဗလာဒီမာ ဇီလန်စကီးတို့ သီးသန့်တွေ့ဆုံရန် ရည်ရွယ်သည်ဟု ဆိုသည်။
၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သော မေလ ၁၆ ရက်က အစ္စတန်ဘူလ်ဆွေးနွေးပွဲအပြီးတွင် တစ်ဖက်လျှင် အကျဉ်းသား ၁,၀၀၀ စီ လဲလှယ်ခဲ့ကြသည်။ နှစ်ဖက်စလုံးက ဇွန် ၂ ဆွေးနွေးမည့် စစ်ပြေငြိမ်းရေး အဆိုပြုချက်များကို မူကြမ်းရေးဆွဲရန် သဘောတူညီခဲ့သည်။ လွန်ခဲ့သည့် သီတင်းပတ်က ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် က ပူတင်သည် ကိယက်ဗ်နှင့် တိုက်ရိုက်ဆွေးနွေးရန် အဆင်သင့်ဖြစ်ကြောင်း ရှင်းလင်းခဲ့သော်လည်း လက်ရှိညှိနှိုင်းဆွေးနွေးမှုများတွင် ထင်ရှားသောတိုးတက်မှုရှိမှသာ ယင်းသို့ပြုလုပ်နိုင်မည်ဟု ဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂