ယူကရိန်း အကျပ်အတည်းအရေး ရုရှား-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် ဇွန် ၁ ရက်က ဖုန်းဖြင့် ဆက်သွယ်၍ ယူကရိန်းအကျပ်အတည်းနှင့်စပ်လျဉ်းသည့် အခြေအနေ တိုးတက်မှုများအား နှစ်ဖက်ကြား ဆွေးနွေးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းနေ့ ညပိုင်းတွင် သတင်းထုတ်ပြန် ပြောကြားခဲ့သည်။
Sergey Lavrov နှင့် Marco Rubio တို့သည် နိုင်ငံရေးနည်းလမ်းဖြင့် ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေး အဆိုပြုချက်အသီးသီးအား အမြင်သဘောထားချင်းဖလှယ်ခဲ့ရာ ဇွန် ၂ ရက် တူကီယဲနိုင်ငံ မြို့တော် အစ္စတန်ဘူလ် ၌ ကျင်းပမည့် ရုရှား-ယူကရိန်းတိုက်ရိုက်စေ့စပ်ညှိနှိုင်းမှု အစီအစဉ်လည်း ပါဝင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဖုန်းဖြင့် ဆက်သွယ်ရာတွင် Marco Rubio က ရုရှားနိုင်ငံ Bryansk ပြည်နယ်နှင့် Kursk ပြည်နယ် ရထား လမ်း အခြေခံအဆောက်အဦ ဖောက်ခွဲခံရခြင်းကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရသည့်အပေါ် နှစ်သိမ့် စကားပြောကြားခဲ့ကြောင်း၊ ရုရှားသက်ဆိုင်ရာဌာနများကလည်း အချင်းဖြစ်ရပ်အား အဆုံးစွန်စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး စုံစမ်းစစ်ဆေးမှုရလဒ်များကို အမြန်ဆုံးထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ တရားခံအား မုချမသွေ ဖော်ထုတ်သွားမည်ဖြစ်ပြီး ထိုက်သင့်သည့် ပြစ်ဒဏ်ပေးသွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အလေးထားပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် Marco Rubio သည် ယင်းနေ့က ဖိတ်ကြားချက်အရ Sergey Lavrov နှင့် ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ရေရှည်ငြိမ်းချမ်းရေးဖော်ဆောင်ရန် ရုရှား-ယူကရိန်း တိုက်ရိုက် စေ့စပ်ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရေး အမေရိကန်သမ္မတ ထရမ့်၏ တိုက်တွန်းချက်အား ထပ်မံပြောကြားခဲ့ကြောင်း ဖော်ထားသည်။
ကိုးကား- ဆင်ဟွာ