မလေးရှားဝန်ကြီးချုပ်ဟောင်းက အမေရိကန်ပြည်ထောင်စုအစား တရုတ်၊ အိန္ဒိယတို့နှင့် ဆက်ဆံရန် အာဆီယံ အင်အားကြီးနိုင်ငံများအား တိုက်တွန်း
အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှု အခွန်အတုတ်များကို ကျော်လွှားနိုင်ရန် တရုတ်နှင့် အိန္ဒိယတို့နှင့် ကုန်သွယ်မှု ပိုမို ဆောင်ရွက်ကြရန်လိုကြောင်း မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က တိုက်တွန်းလိုက်ကြောင်း၊ “မလေးရှားအနေဖြင့် အမေရိကန်နှင့် ကုန်သွယ်ရေး ဆုံးရှုံးမည့်အစား တရုတ်နှင့်အိန္ဒိယတို့နှင့် ကုန်သွယ်မှု ကြီးကြီးမားမား ပြုလုပ်ရန်လိုကြောင်း” Nikkei Asia သတင်းဌာန၏ တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြား လိုက်ပါသည်။
ယခင်ရက်သတ္တပတ်က တိုကျိုမြို့၌ ကျင်းပပြုလုပ်သည့် Future of Asia Forum ပြင်ပ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။ အမေရိကန်နှင့် ကုန်သွယ်ခြင်းထက် တရုတ်နှင့် ကုန်သွယ်ခြင်းက သိသိသာသာ အမြတ်အစွန်းများ ရရှိနေကြောင်း၊ အနာဂတ်မှာလည်း အိန္ဒိယ နှင့်ကုန်သွယ်မှု တိုးချဲ့သွားရန် အလားအလာရှိကြောင်း ပြောကြားသွားပါသည်။
အမေရိကန်သည် သမ္မတ ဒေါ်နယ် ထရမ့် လက်ထက်အောက်တွင် ကုန်သွယ်ခွန် ၁၀ ရာခိုင်နှုန်းမှ ၄၉ ရာခိုင်နှုန်း အထိ တိုးမြှင့်ကောက်ခံလျက်ရှိရာ အမေရိကန်ပို့ကုန်များကို အမှီပြုနေသည့် အာဆီယံနိုင်ငံ (အရှေ့တောင်အာရှနိုင်ငံများ အသင်း) ၏ စီးပွားရေး ပုံရိပ်ကို ကြီးမားစွာ ထိခိုက်နေပါသည်။ အာဆီယံ ၁၀ နိုင်ငံအနက် ၆ နိုင်ငံမှာ ဆိုးဆိုးရွားရွား ထိခိုက်ခံစားနေရပြီး ယင်းမှာ အာဆီယံ၏ ၄.၇ ရာခိုင်နှုန်း တိုးတက်မှု ရှိရမည် ဟူသည့် ဦးတည်ချက်ကို ထိခိုက် စေလျက်ပါသည်။
ယခင်က ထရမ့်၏ အခွန်ကောက်ခံမှု ရက် ၉၀ ရပ်ဆိုင်းကြောင်း ကြေညာအပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ်အပါအဝင် အာဆီယံ နိုင်ငံများက စီးပွားရေးကျဆင်းမှု လျော့ပါးစေရန် ဝါရှင်တန်နှင့် ကနဦး ကုန်သွယ်ရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။
“အာဆီယံနိုင်ငံများသည် အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်လိုက်ခြင်း၏အကျိုးဆက်ကို ကြီးမားစွာခံစားရသည့် နိုင်ငံများတွင် ပါဝင်ပါကြောင်း၊ ဒေသတွင်းလေးနက်သည့် စီးပွားရေး ပေါင်းစည်းအားဖြင့် ယင်းအခြေအနေကို မိမိတို့ ရပ်တန့်အောင်လုပ်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ပြင်ပဂယက်များကို ကောင်းစွာကာကွယ်နိုင်မည်ဖြစ်ပါကြောင်း” မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာစံက ကမ္ဘာ့ကုန်သွယ်မှုအပြိုအလဲများ၏ အကျိုးဆက်များကို ကြားခံအဖြစ်ထား နိုင်ရန်အတွက် ဒေသတွင်း စီးပွားရေးအရ အမြန်ပေါင်းစည်းကြရန် တိုက်တွန်းလိုက်ပါသည်။
အာဆီယံသည် တရုတ်နှင့် ပါရှန်ပင်လယ်ကွေ့နိုင်ငံတို့နှင့် အရှိန်အဟုန်မြှင့် ဆက်ဆံနိုင်ရန် သုံးပွင့်ဆိုင် ထိပ်သီးအစည်း အဝေးကို ယခင်လက ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့ပါသည်။ ASEAN Stat အဆိုအရ ယမန်နှစ် အာဆီယံနှင့် တရုတ်၊ ပင်လယ်ကွေ့ (GCC) နိုင်ငံများနှင့် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၉၀၀ အထိ ရှိခဲ့ပြီး၊ အမေရိကန်နှင့် ကုန်သွယ်သည့် အမေရိကန်ဒေါ်လာ ၄၅၃ ဘီလီယံထက် ပမာဏ နှစ်ဆခန့် ဖြစ်ပါသည်။
လက်ရှိ အာဆီယံဥက္ကဋ္ဌအနေဖြင့် ကုန်သွယ်ရေး ပြဿနာများကို ဖြေရှင်းရန်အတွက် အထူး ထိပ်သီး အစည်းအဝေး တစ်ရပ် ကျင်းပရန် မလေးရှားနိုင်ငံက အမေရိကန်နိုင်ငံသို့ တရားဝင် တောင်းဆိုလိုက်ကာ၊ ယခုနှစ် နှောင်းပိုင်းတွင် ကျင်းပနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း မိုဟာမက်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံကို ကျော်လွှား၍ ကမ္ဘာကို ဦးဆောင်မည့် အင်အားကြီး နိုင်ငံဖြစ်လာနိုင်သည့် လမ်းကြောင်းပေါ်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း မဟာသီယာက ပြောကြားခဲ့ပါသည်။ “တရုတ်နိုင်ငံသည် အမေရိကန် နိုင်ငံထက် ပိုမို ကြာရှည်စွာ ရပ်တည်နိုင်မည်ဖြစ်သော်လည်း တရုတ်နိုင်ငံအနေဖြင့်အမေရိကန်နိုင်ငံကို ကျော်လွှားရန် လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပါ၊ အမေရိကန်နိုင်ငံသည် ကမ္ဘာ့နံပတ် ၁ နေရာကို ပြန်လည်ရရှိလိမ့်မည်ဟု မထင်ကြောင်း” မဟာသီယာက ပြောကြားလိုက်ပါသည်။
ကိုးကား- Business Standard
ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ