အိန္ဒိယနှင့် ရုရှား၏ ရှည်လျားသော လက်နက်ကုန်သွယ်မှုက အမေရိကန်ကို မနှစ်မြို့ဖွယ်ဖြစ်စေသည်ဟု အမေရိကန် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဆို
အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟိုးဝဒ် လတ်နစ် (Howard Lutnick) က အိန္ဒိယ-အမေရိကန် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၌ ပြောကြားရာတွင် အိန္ဒိယနှင့် ရုရှားတို့၏ ရှည်ကြာစွာ တည်ရှိခဲ့သော လက်နက်ကုန်သွယ်မှုသည် ဝါရှင်တန်နှင့် အငြင်းပွားဖွယ်ရာ အကြောင်းအရာတစ်ခု ဖြစ်လာကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် အိန္ဒိယအစိုးရထံ အဆိုပါကိစ္စရပ်များကို ရှင်းလင်းစွာ တင်ပြခဲ့ပြီး အိန္ဒိယအစိုးရက ယင်းပြဿနာများကိုဖြေရှင်းရန် ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် လတ်နစ်က အိန္ဒိယသည် “ယခု အခါ အမေရိကန်ထံမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရန် စတင် လှုပ်ရှား လာကြောင်း” ဖြည့်စွက်ပြောဆိုခဲ့သည်။
၎င်းက “အိန္ဒိယအစိုးရက ယခင်က ပြုလုပ်ခဲ့သည့် အချို့အရာများသည် အမေရိကန်ကို မနှစ်မြို့ဖွယ် ဖြစ်စေခဲ့သည်။ ရုရှားထံမှ လက်နက်ဝယ်ယူခြင်း သည် အမေရိကန်ကို စိတ်အနှောင့်အယှက်ဖြစ်စေသော နည်းလမ်းတစ်ခုပင် ဖြစ်သည်” ဟု ရှင်းပြခဲ့သည်။
ထို့အပြင် ၎င်းက အိန္ဒိယ၏ BRICS အုပ်စုတွင် ပါဝင်မှုသည် “အမေရိကန်နိုင်ငံတွင် မိတ်ဆွေဖွဲ့ရန် သို့မဟုတ် လွှမ်းမိုးနိုင်ရန် နည်းလမ်းမဟုတ်” ဟု ထောက်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် BRICS အုပ်စုသည် အမေရိကန်ဒေါ်လာ၏ စီးပွားရေးအရှိန်အဝါကို စိန်ခေါ်နေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂