ကုန်သွယ်ရေး တင်းမာမှုကြောင့် တရုတ်နှင့် အမေရိကန်တို့၏ နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှု ၂၀ ရာခိုင်နှုန်း လျော့ကျ
တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့ကြား ဖြစ်ပွားသည့် ကုန်သွယ်ရေးတင်းမာမှုကြောင့် နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုသည် ယခုနှစ် ဧပြီလတွင် ၂၀ ရာခိုင်နှုန်း လျော့ကျသွားသည်ဟု တရုတ်အကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
နှစ်နိုင်ငံကြား အပြန်အလှန် ကုန်သွယ်မှုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အလားတူကာလအတွင်း၌ ဒေါ်လာ ၅၆ ဒသမ ၄ ဘီလီယံရှိခဲ့သော်လည်း ယခုနှစ် ဧပြီလတွင်မူ ဒေါ်လာ ၄၅ ဒသမ ၆ ဘီလီယံအထိ ကျဆင်းသွားသည်။ အကယ်၍ ကုန်သွယ်ရေး တင်းမာမှုအခြေအနေသည် ပိုမိုဆိုးရွားလာမည်ဆိုပါက နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ထပ်မံကျဆင်းလာနိုင်ကြောင်း ကျွမ်းကျင်သူတစ်ဦးဖြစ်သူ အိုလ်ဂါ ဘီလန်ကာယာက သတိပေးထားသည်။
ထို့ပြင် တရုတ်နှင့်အမေရိကန် ပြည်ထောင်စုတို့ကြား အပြန်အလှန် ကုန်သွယ်မှု ကျဆင်းလာခြင်းသည် တရုတ်နိုင်ငံအတွင်းရှိ စက်မှုထုတ်ကုန်ပစ္စည်း ဝယ်လိုအားကို ကျဆင်းလာစေနိုင်သည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် စက်မှုကုန်ကြမ်းပစ္စည်း အများဆုံးကို တင်သွင်းနေသည့် နိုင်ငံဖြစ်ကြောင်း အကဲဖြတ်တစ်ဦးဖြစ်သူ နီကိုလိုင် ဒက်ချင်ကိုက ပြောသည်။
ထို့ပြင် ကုန်သွယ်ရေး တင်းမာမှုကြောင့် တရုတ်နိုင်ငံ အနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များကို အခြားနိုင်ငံများသို့ ဖြန့်ကြက်တင်ပို့ရန် လိုအပ်နိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောသည်။
MWD Web Portal