ဇီလန်စကီးက ရုရှား၏ ငြိမ်းချမ်းရေးအဆိုပြုချက်မှတ်တမ်းကို ပယ်ချ

News Image

  • ဇီလန်စကီးက ရုရှား၏ ငြိမ်းချမ်းရေးအဆိုပြုချက်မှတ်တမ်းကို ပယ်ချ

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက ရုရှား၏ နောက်ဆုံး ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်သင့်မခံနိုင်သော “ရာဇသံ” အဖြစ် ပယ်ချလိုက်ပြီး စဉ်းစားရန် ငြင်းဆန်လိုက်ပါသည်။

ရုရှားနှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့များသည် တနင်္လာနေ့ (ဇွန် ၂) က အစ္စတန်ဘူလ်တွင် တစ်လအတွင်း ဒုတိယအကြိမ်အဖြစ်တွေ့ဆုံကာငြိမ်းချမ်းရေးအတွက် ၎င်းတို့၏စာချွန်လွှာများကို ဖလှယ်ခဲ့ကြသည်။ မော်စကိုက ၎င်း၏အဆိုပြုချက်တွင် ယူကရိန်းအား ရုရှားနှင့်ပူးပေါင်း ထားသော ယခင်ဒေသ ၅ ခုကို အသိအမှတ်ပြုရန်၊ တပ်ဖွဲ့များ ဆုတ်ခွာရန်၊ ကြားနေရေးကိုကတိပြုရန်နှင့် စစ်အင်အားကိုကန့်သတ်ရန် တောင်းဆို ထားသည်။

ရုရှားက စစ်ပြေငြိမ်းရေးအတွက် “စုပေါင်းအဆိုပြုချက်” တစ်ခုကိုလည်း တင်ပြခဲ့သည်။ ယင်းတွင် ကိယက်ဗ်က ၎င်း၏စစ်တပ်အား တပ်ဖြန့်ခြင်းကိုရပ်တန့်ရန်၊ စစ်အင်အားဖြည့်တင်းခြင်းကိုရွှေ့ဆိုင်းရန်၊ နိုင်ငံခြားလက်နက်တင်ပို့မှုများကိုရပ်တန့်ရန်နှင့် သမ္မတရွေးကောက်ပွဲကျင်းပရန် ပါဝင်သည်။

ဇီလန်စကီးက ငြိမ်းချမ်းရေး အဆိုပြုချက်မှတ်တမ်းကို လက်သင့်မခံဘဲ ပယ်ချလိုက်သည်။ “၎င်းသည် ရာဇသံတစ်ခုဖြစ်ပြီး ယူကရိန်းဘက်မှ အလေးအနက်ထားမည်မဟုတ်ပါ။ အဆိုပါမှတ်တမ်းသည် နားလည်မှု လွဲမှားခြင်း တစ်ခုဖြစ်သည်” ဟု ၎င်းက ဗုဒ္ဓဟူးနေ့ (ဇွန် ၄) တွင် ပြောကြား ခဲ့သည်။

ယူကရိန်းခေါင်းဆောင်က ရုရှားကို ပိုင်နက် လိုက်လျောမှု မှန်သမျှသည် ယူကရိန်း၏ ဖွဲ့စည်းပုံကို ချိုးဖောက်ရာရောက်ကြောင်း အခိုင်အမာ ဆိုခဲ့ပါသည်။

အစ္စတန်ဘူလ်ဆွေးနွေးပွဲတွင် ရုရှားအကြီးအကဲအဖြစ် ပါဝင်ခဲ့သူ ဗလာဒီမာ မက်ဒင်စကီးက ယင်းမှတ်တမ်းကို ကာကွယ်ရှင်းပြခဲ့ပြီး ပဋိပက္ခကို အဆုံးသတ်ရန် အခွင့်အလမ်းတစ်ရပ်အဖြစ် ဖော်ပြခဲ့သည်။ “အဆိုပါ မှတ်တမ်းသည် ရာဇသံမဟုတ်ပါ။ စစ်မှန်သောငြိမ်းချမ်းရေးရရှိရန် သို့မဟုတ် အနည်းဆုံး စစ်ပြေငြိမ်းရန်နှင့် ရေရှည်ငြိမ်းချမ်းရေးအတွက် ကြီးမားသော ခြေလှမ်းတစ်ခုဖြစ်စေမည့် အဆိုပြုချက်တစ်ခုဖြစ်သည်” ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂