ထရမ့်က ယူကရိန်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ပူတင်နှင့် စကားပြောခဲ့ကြောင်း ဖွင့်ဟ

News Image

  • ထရမ့်က ယူကရိန်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ပူတင်နှင့် စကားပြောခဲ့ကြောင်း ဖွင့်ဟ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားနိုင်ငံအတွင်းရှိ လေတပ်စခန်းများကို ယူကရိန်းဘက်မှ ဒရုန်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဗလာဒီမာ ပူတင်နှင့် ဗုဒ္ဓဟူးနေ့ (ဇွန် ၄) က ဖုန်းစကားပြောဆိုခဲ့ကြောင်း ပြောကြား ခဲ့သည်။

တနင်္ဂနွေနေ့ (ဇွန် ၁) က ယူကရိန်းဘက်မှ အချိန်ကိုက် တိုက်ခိုက်မှုတစ်ခုအဖြစ် ဒရုန်းများဖြင့် ရုရှားလေတပ်စခန်းများစွာကို တိုက်ခိုက်ခဲ့သည်။ အာတိတ်ဒေသရှိ Murmansk မှသည် ဆိုက်ဘေးရီးယားရှိ Irkutsk အထိ ပစ်မှတ်များစွာကို တိုက်ခိုက်ခဲ့သည်။ ကိယက်ဗ်က အဆိုပါ တိုက်ခိုက်မှုများကြောင့် Tu-95 နှင့် Tu-22 ကဲ့သို့သော ရုရှား၏ ရေဒါပျောက် ဗုံးကြဲ လေယာဉ်ကြီးများအပါအဝင် စစ်လေယာဉ် ၄၀ ခန့် ပျက်စီးခဲ့သည်ဟု ဆိုသည်။ မော်စကိုဘက်က ထိုအချက်ကို အတည်မပြုသေးဘဲ ဒရုန်းအများစုကို ကာကွယ်နိုင်ခဲ့သည်ဟု ဆိုသည်။

သတင်းများအရ အဆိုပါတိုက်ခိုက်မှုကို ရုရှားနယ်စပ်အတွင်းသို့ လျှို့ဝှက်စွာ ဝင်ရောက်ထားသော ကုန်တင်ကားများမှ ပစ်လွှတ်သည့် Suicide Drone များဖြင့် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ထရမ့်က ဗုဒ္ဓဟူးနေ့ (ဇွန် ၄) က Truth Social တွင် ပူတင်နှင့် တစ်နာရီကျော်ကြာ ဖုန်းစကားပြောဆိုခဲ့ကြောင်း ကြေညာခဲ့ပြီး ၎င်းအား “ကောင်းမွန်သောဆွေးနွေးမှု” အဖြစ် ဖော်ပြခဲ့သည်။

“ရုရှား၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးများရှိရာ လေတပ်အခြေစိုက်စခန်းများကို ယူကရိန်းဘက်မှ တိုက်ခိုက်မှုနှင့် နှစ်ဖက်စလုံးမှ ဆက်လက်ဖြစ်ပွားနေသော အခြားတိုက်ခိုက်မှုများအကြောင်း ဆွေးနွေးခဲ့ကြောင်း” ထရမ့်က ရေးသားခဲ့သော်လည်း ထိုဆွေးနွေးမှုသည် “ချက်ချင်း ငြိမ်းချမ်းရေးဆီသို့ ဦးတည်မည့် စကားဝိုင်းမဟုတ်” ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

ထရမ့်က ရုရှားသမ္မတသည် “မကြာသေးမီက လေယာဉ်ကွင်းများကို တိုက်ခိုက်ခဲ့မှုအား တုံ့ပြန်ရန် လိုအပ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

မော်စကိုဘက်မှလည်း ထရမ့်-ပူတင် ဖုန်းစကားပြောဆိုမှုကို အတည်ပြုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂