အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် Ayatollah Ali Khamenei က အမေရိကန်၏ နျူကလီးယား အဆိုပြုချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြီး ယူရေနီယမ်ကို ဆက်လက် ထပ်တိုးသန့်စင်သွားမည်ဟု ပြောကြားခဲ့
အီရန်၏ အမြင့်ဆုံးခေါင်းဆောင် Ali Khamenei သည် အမေရိကန်၏ နျူကလီးယား အစီအစဉ်ကို ထိန်းချုပ်ရန် အဆိုပြုချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ၎င်း၏နိုင်ငံအနေဖြင့် နျူကလီးယား ထပ်တိုး သန့်စင်မှု ဆိုင်ရာ အခွင့်အရေးကို ဆက်လက်ထိန်းသိမ်းထားမည်ဟု ပြောကြား ခဲ့သည်။
အမေရိကန်နှင့် အီရန်ကြား နျူကလီးယား သဘောတူညီချက်အသစ် အတွက် အကြိမ်ကြိမ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အီရန်ဘက်မှ ယူရေနီယမ် ထပ်တိုးသန့်စင်မှုဆိုင်ရာ အခွင့်အရေးကို ဆက်လက်တောင်းဆိုနေခြင်းကြောင့် အဓိကအခက်အခဲများ ကျန်ရှိနေဆဲ ဖြစ်သည်။
“အမေရိကန်၏ ပထမဆုံး ပြောဆိုမှုမှာ အီရန်တွင် နျူကလီးယား စက်မှုလုပ်ငန်းမရှိသင့်ဘဲ အမေရိကန်အပေါ် မှီခိုနေရမည်ဟု ဆိုသည်” ဟု Ali Khamenei က အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ တည်ထောင်သူ Imam Khomeini ၏ ကွယ်လွန်ခြင်း အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြား ခဲ့သည်။ “အမေရိကန်၏ အဓိပ္ပာယ်မဲ့စကားများအတွက် မိမိတို့၏ အဖြေမှာ ရှင်းလင်းနေပြီဖြစ်ပြီး ၎င်းတို့သည် အဆိုပါကိစ္စတွင် ဘာမှ မလုပ်နိုင်ပါ” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
အမေရိကန်သည် စနေနေ့ (မေ ၃၁) တွင် အီရန်ထံသို့ နျူကလီးယား သဘောတူညီချက် အဆိုပြုလွှာတစ်ခု ပေးပို့ခဲ့သည်။ CNN ၏ သတင်းအရ ယင်းအဆိုပြုချက်တွင် အမေရိကန်သည် အီရန်၏ အရပ်ဘက်နျူကလီးယားစွမ်းအင်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံနိုင်ပြီး အီရန်အတွင်း အဆင့်နိမ့် ယူရေနီယမ် သန့်စင်မှုကို မသတ်မှတ်ရသေးသော ကာလအထိ ကြီးကြပ်မည့် အဖွဲ့အစည်းတွင် ပါဝင်နိုင်ကြောင်း ဖော်ပြထားသည်။ ထိုအဖွဲ့တွင် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ကုလသမဂ္ဂ၏ နျူကလီးယား ကြီးကြပ်ရေးအဖွဲ့ဖြစ်သော အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) တို့ ပါဝင်မည်ဟု မျှော်မှန်းထားသည်။
ဗုဒ္ဓဟူးနေ့ (ဇွန် ၄) တွင် Ali Khamenei က အမေရိကန်အား အီရန်၏ နျူကလီးယား အစီအစဉ်တွင် “အစိမ်းရောင်(ခွင့်ပြု) သို့မဟုတ် အနီရောင် (ပိတ်ပင်)” ပေးပိုင်ခွင့် မရှိစေရန် အီရန်က ငြင်းဆိုထားကြောင်းနှင့် “အမျိုးသားလွတ်လပ်ရေး” အပေါ် အလေးထားကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂