သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို ပုံမှန်စားခြင်းဖြင့် နှလုံးရောဂါနှင့် ဆီးချိုရောဂါတို့ကို တားဆီးနိုင်
နယူးယောက် ဇွန် ၈
သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်များကို ပုံမှန်စားသုံးခြင်းဖြင့် နှလုံးရောဂါနှင့် ပုံစံ-၂ ဆီးချိုရောဂါများကို တားဆီးနိုင်ဖွယ်ရှိကြောင်း ဇွန် ၇ ရက် သတင်းများအရ သိရသည်။
အထက်ပါ အစားအစာများထဲတွင်ပါဝင်သည့် Phytosterols ခေါ် ဓာတုဒြပ်ပေါင်းတစ်မျိုးသည် ဆဲလ်များ၏ ဇီဝဓာတုပြောင်းလဲမှုဖြစ်စဉ်များကို မြှင့်တင်ပေးနိုင်ပြီး ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ကြောင်း သိရသည်။
အထက်ပါ ဂုဏ်သတ္တိများအရ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အစေ့အဆန်များကို ပေါင်းစပ်စားသုံးခြင်းဖြင့် နှလုံးရောဂါနှင့် ပုံစံ-၂ ဆီးချိုရောဂါများဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောကြားသည်။
ထို့ပြင် Phytosterol ဓာတုဒြပ်ပေါင်းသည် လူ့ကိုယ်ခန္ဓာ၏ အင်ဆူလင် တုံ့ပြန်အားကိုလည်း ထိန်းညှိပေးနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုအရသိရသည်။
Phytosterols ဓာတုဒြပ်ပေါင်းသည် အပင်ထွက်အစားအစာတိုင်းတွင် ပါဝင်တတ်သော်လည်း ပြန်လည်ချက်လုပ်မှုမရှိသေးသည့် အပင်ထွက် အဆီဓာတ်များတွင် ပါဝင်မှုအမြင့်ဆုံးဖြစ်ကြောင်း သိရသည်။
အမေရိကန် သုတေသနပညာရှင်များသည် လူပေါင်း ၂၀၀၀၀၀ ကျော်တို့၏ စားသောက်မှုပုံစံများကို လေ့လာခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ