ကင်ဆာရောဂါများအတွက်သုံးသည့် ဆေးနှစ်မျိုးက အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်

News Image

  • ကင်ဆာရောဂါများအတွက်သုံးသည့် ဆေးနှစ်မျိုးက အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်

နယူးယောက် ဇူလိုင် ၂၄ 

ကင်ဆာရောဂါများကို ကုသရေးအတွက် အသုံးပြုသည့် ဆေးဝါးနှစ်မျိုးသည် အယ်ဇိုင်းမား ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖွယ်ရှိကြောင်း ဇူလိုင် ၂၃ ရက် သတင်းများအရ သိရသည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသနပညာရှင်များသည် အယ်ဇိုင်းမား ရောဂါအပေါ်အကျိုးသက်ရောက်မှုရှိနိုင်သည့် ဆေးဝါးများကို ရှာဖွေရေးအတွက် ဆေးအမျိုးအစား ၁၃၀၀ ကျော်တို့ကို စိစစ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ လေ့လာစိစစ်ရာတွင် ရင်သားကင်ဆာရောဂါကို ကုသရာတွင် အသုံးပြုသည့် Letrozole နှင့် အဆုတ်ကင်ဆာ၊ အူမကြီး ကင်ဆာတို့ကို ကုသရာတွင် အသုံးပြုသော  Irinotecan ဆေးများသည် အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖွယ်ရှိကြောင်း သုတေသန ပညာရှင်များက ပြောကြားသည်။

ကြွက်များဖြင့်ပြုလုပ်ခဲ့သည့် စမ်းသပ်မှုမှ ပေါ်ထွက်လာသည့် ရလဒ်များအရ အဆိုပါကင်ဆာ ဆေးနှစ်မျိုးကို တွဲဖက်အသုံးပြုပါက မှတ်ဉာဏ်နှင့်ဦးနှောက်လုပ်ငန်းလည်ပတ်မှုများ ပို၍ကောင်း မွန်လာသည့်သဘော တွေ့ရကြောင်း သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။ 

အဆိုပါ ကင်ဆာဆေးနှစ်မျိုးကို လူသားများဖြင့်စမ်းသပ်ရန် လိုအပ်ဆဲဖြစ်သည်ဟု အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောကြားခဲ့ကြောင်း သိရသည်။

ရတနာပုံသတင်းစာ

Photo: NBC News