အီလွန်မက်က ထရမ့်နှင့်သက်ဆိုင်သည့် Epstein ဖိုင်များအကြောင်း ထုတ်ဖော်ပြောဆို
အီလွန်မက် က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဂျက်ဖရီ အဲပ်စတိန်း (Jeffrey Epstein) ဖိုင်များတွင် အမည်ပါဝင်နေကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီး အဆိုပါဖိုင်များကို အများပြည်သူသိစေနိုင်ရန် မဖော်ပြရခြင်း၏ အရင်းခံအကြောင်းအရင်းဟု ညွှန်းဆိုလိုက်ပါသည်။
အဆိုပါပြောဆိုချက်သည် မက်နှင့် ထရမ့်တို့အကြား မကြာသေးမီက ဖက်ဒရယ်အခွန်နှင့် ငွေကြေးအသုံးစရိတ်ဆိုင်ရာ ဥပဒေကြမ်းအပေါ် အချေအတင် ငြင်းခုံဖြစ်ပွားခဲ့ပြီးနောက် ကြာသပတေးနေ့ (ဇွန် ၅) က ထွက်ပေါ်လာခြင်းဖြစ်သည်။
မက်က “အကြီးစား ဗုံးကြဲချိန်ရောက်ပြီ ၊ ဒေါ်နယ်ထရမ့်က Epstein ဖိုင် တွေမှာ ပါနေတယ်။ ဒါကြောင့်ပဲ ဖိုင်တွေကို လူသိအောင် မဖော်ပြ ရတာ” ဟု တွစ်တာမှာ ရေးသားခဲ့ပြီး “ကောင်းသောနေ့ဖြစ်ပါစေ ဒေါ်နယ် ထရမ့်ရေ။ ဒီပို့စ်ကို မှတ်ထားပေတော့။ အမှန်တရား ထွက်ပေါ်လာမယ်” ဟု ဖြည့်စွက်ခဲ့ပါသည်။
ထရမ့်သည် ယခင်က Epstein ဆိုင်ရာ စာရွက်စာတမ်းများကို လျှို့ဝှက်ချက်ဖြေလျှော့ရန် ကတိပေးခဲ့ဖူးပြီး ဖေဖော်ဝါရီလတွင် အမေရိကန် ရှေ့နေချုပ် ပမ်ဘွန်ဒီ (Pam Bondi) က စာရွက်စာတမ်းများ၏ “ပထမ အဆင့်” ကို ထုတ်ပြန်မည်ဟု ကြေညာခဲ့ပါသည်။ သို့သော် လေယာဉ် ပျံသန်းမှုမှတ်တမ်းများ၊ ဖောက်သည်အမည်များနှင့် အဆက်အသွယ် စာရင်းများအပါအဝင် အဓိကစာရွက်စာတမ်းများကို လျှို့ဝှက်ထားဆဲ ဖြစ်ခြင်းကြောင့် မည်ကဲ့သို့သောပုဂ္ဂိုလ်များ ပါဝင်ပတ်သက်နိုင်မည် ဆိုသည့် အထင်အမြင်မျိုးစုံကို ဖြစ်ပေါ်စေနေပါသည်။
(မှတ်ချက်။ Jeffrey Epstein ဖိုင်များဆိုသည်မှာ ရာဇဝတ်မှုများနှင့် ပတ်သက်နေသော အမေရိကန် သူဌေးကြီး Epstein နှင့် ဆက်စပ်နေသည့် လိင်အလွဲသုံးစားမှု၊ လူကုန်ကူးမှုနှင့် နိုင်ငံရေးအရ လွှမ်းမိုးမှုများကို ဖော်ထုတ်နိုင်သည့် လျှို့ဝှက်စာရွက်စာတမ်းများဖြစ်ပါသည်။ အဆိုပါ ဖိုင်များကြောင့် Epstein နှင့်ထိတွေ့ဆက်ဆံမှုရှိသည့် ကမ္ဘာကျော် ပုဂ္ဂိုလ်များ၏ အမည်များ ထွက်ပေါ်လာနိုင်ပြီး ရာဇဝတ်မှုများ၏ နောက်ကွယ်မှ အမှန်တရားများ ထွက်ပေါ်လာနိုင်ပါသည်။ Epstein မှာ ၂၀၁၉ ခုနှစ်တွင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါသည်။)
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂