ယူကရိန်းသည် အာရှရှိ ရုရှားသင်္ဘောများကို ဒရုန်းဖြင့် တိုက်ခိုက်ရန် အစီအစဉ်ရှိဟု Washington Post ဖော်ပြ

News Image

  • ယူကရိန်းသည် အာရှရှိ ရုရှားသင်္ဘောများကို ဒရုန်းဖြင့် တိုက်ခိုက်ရန် အစီအစဉ်ရှိဟု Washington Post ဖော်ပြ

ယူကရိန်းသည် ရုရှား၏ နျူကလီးယား ဗုံးတင်ဆောင်နိုင်သော မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များရှိရာ လေတပ်စခန်းများကို တိုက်ခိုက် ခဲ့သည့်နည်းတူ အာရှ-ပစိဖိတ်ဒေသရှိ ရုရှားစစ်သင်္ဘောများကို ဒရုန်း များဖြင့် တိုက်ခိုက်ရန် အစီအစဉ်ရှိကြောင်း Washington Post သတင်းစာက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဇွန် ၁) က ယူကရိန်းသည် အာတိတ်ဒေသရှိ Murmansk မှ ဆိုက်ဘီးရီးယားရှိ Irkutsk အထိ ရုရှားနိုင်ငံတစ်ဝှမ်းရှိ လေတပ်စခန်းများကို ပေါင်းစပ်တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ယင်းတွင် ကွန်တိန်နာကားများအတွင်း ဒရုန်းများထည့်သွင်းကာ တိုက်ခိုက် ခဲ့သည်။ ကိယက်ဗ်က ၎င်း၏ “Operation Spiderweb” ဟုခေါ်သော စစ်ဆင်ရေးဖြင့် Tu-95 နှင့် Tu-22 အပါအဝင် နျူကလီးယား တင်ဆောင် နိုင်သည့် ရှည်လျားသော ဗုံးကြဲလေယာဉ်များအပါအဝင် ရုရှားစစ်လေယာဉ်များစွာကို ပျက်စီးစေခဲ့သည်ဟု ဆိုသည်။ မော်စကိုကမူ ဝင်ရောက် လာသည့် ဒရုန်းအများစုကို ပစ်ချခဲ့ပြီး ထိခိုက်ခံရသည့် ရုရှား လေယာဉ်များထဲမှ တစ်စီးမှ ပြန်လည်မပြုပြင်နိုင်အောင် ပျက်စီးခြင်းမရှိဟု ဆိုသည်။

Washington Post က ပြီးခဲ့သည့် ကြာသပတေးနေ့ (ဇွန် ၅) တွင် ထုတ်ဝေခဲ့သော ဆောင်းပါးတစ်ခုတွင် “ယူကရိန်းသည် လွန်ခဲ့သော တစ်ပတ်က ရုရှားစခန်းများကို အသုံးပြုခဲ့သည့် လျှို့ဝှက် တိုက်ခိုက်မှု နည်းဗျူဟာ၏ Naval Version ကို စဉ်းစားခဲ့သည်” ဟု ဖော်ပြခဲ့သည်။

သတင်းစာ၏ အရင်းအမြစ်များအရ ကိယက်ဗ်၏ ထောက်လှမ်းရေးအဖွဲ့များသည် “မြောက်ပစိဖိတ်ဒေသရှိ ရုရှားနှင့် ၎င်း၏မဟာမိတ်များ၏ သင်္ဘောများကို တိုက်ခိုက်ရန် ကုန်တင်ကွန်တိန်နာများတွင် ဝှက်ထားသော ရေအောက်ဒရုန်းများ ပို့ဆောင်ရန် စဉ်းစားခဲ့သည်” ဟု ဆိုသည်။

“သို့သော် ယခုအချိန်ထိ ၎င်းတို့သည် ထိုစစ်ဆင်ရေးများကို စတင်ခြင်း မရှိသေးဟု သိရသည်” ဟု WaPo က ဖြည့်စွက်ဖော်ပြခဲ့သည်။

ရုရှား၏ Pacific Fleet ရေတပ်စခန်းချုပ်၏ အချက်အခြာမြို့မှာ Vladivostok ဖြစ်ပြီး နိုင်ငံ၏ အရှေ့ဖျားဒေသတွင် တည်ရှိသည်။ ၎င်းမြို့ သည် တရုတ်နိုင်ငံနှင့် နယ်စပ်မှ ၄၅ ကီလိုမီတာခန့်နှင့် မြောက်ကိုရီးယား နယ်စပ်မှ ၁၃၄ ကီလိုမီတာ ခန့် ကွာဝေးသည်။

အမေရိကန်သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့ (ဇွန် ၄) တွင် ရုရှားသမ္မတ Vladimir Putin က ၎င်းအား ဖုန်းဖြင့်ပြောကြားချက်အရ ကိယက်ဗ်၏ မဟာဗျူဟာမြောက် လေတပ်အား ပစ်မှတ်ထားသည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို မော်စကိုက “တုံ့ပြန်မည်” ဟု ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့သည်။

ယခုသီတင်းပတ်အတွင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းရှိ ကာကွယ်ရေးစက်မှုလုပ်ငန်းများ၊ စစ်လေယာဉ်ကွင်းများ၊ ဒရုန်း ထုတ်လုပ်ရေး၊ သိုလှောင်ရေးနှင့် လွှတ်တင်ရာနေရာများ၊ လက်နက်သိုလှောင်ရုံများ အပြင် ယူကရိန်းစစ်တပ်နှင့် နိုင်ငံခြားမှ ကြေးစားစစ်သားများ စုဝေးရာ နေရာများကို ဒရုန်းများနှင့် တာဝေးပစ်လက်နက်ကြီးများဖြင့် ပြင်းထန် သော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂