မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ပုပ္ပားတောင်ဥယျာဉ် သစ်တောရေဆူစခန်းအတွင်း ဝင်ရောက်၍ သစ်တောဝန်ထမ်း လေးဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးတို့အား မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးခေါ်ဆောင်
07 July 2025
လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် လက်နက်အားကိုးဖြင့် ဌာနဆိုင်ရာ အဆောက်အအုံများ၊ အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများသို့ ဝင်ရောက်၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လုယက်ခြင်းများစသည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၅ ရက် မွန်းလွဲ ၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ လျှော်တောကျေးရွာအနီးရှိ ပုပ္ပားတောင်ဥယျာဉ် သစ်တောရေဆူစခန်းသို့ PDF အမည်ခံ အကြမ်းဖက်သမား သုံးဦး(စိစစ်ဆဲ)က LIGHT TRUCK မော်တော်ယာဉ် တစ်စီး၊ ဆိုင်ကယ် တစ်စီးတို့ဖြင့် ရောက်ရှိလာပြီး အဆိုပါစခန်းအတွင်းရှိနေသူများဖြစ်ကြသည့် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းကျော်(၅၇)နှစ်၊ တောအုပ် ဦးကျော်နိုင်ဦး(၃၉)နှစ်၊ တောခေါင်း ဦးရဲလင်းထက်(၂၆)နှစ်၊ ထွန်စက်မောင်း-၄ ဦးလွင်ဦး(၅၁)နှစ်နှင့် ဦးဝေလင်းထွန်း(စိစစ်ဆဲ)တို့ ငါးဦးအား ဦးတင်အုန်းကျော် ပိုင်ဆိုင်သည့် MDY-5/4H-XXXX MITSUBISHI မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ သစ်တောစခန်းအတွင်းသို့ ဝင်ရောက်၍ သစ်တောဝန်ထမ်း လေးဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးတို့အား ဖမ်းဆီးခေါ်ဆောင်၍ မော်တော်ယာဉ် တစ်စီးအား အကြမ်းဖက် လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA