အမေရိကန်တစ်ဝှမ်း ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် လူဦးရေ ငါးသန်း ကျော်ပါဝင်

News Image

  • အမေရိကန်တစ်ဝှမ်း ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် လူဦးရေ ငါးသန်း ကျော်ပါဝင်

ဆန္ဒပြအဖွဲ့များ၏ထုတ်ပြန်ချက်အရ စနေနေ့ (ဇွန် ၁၄) က အမေရိကန် နိုင်ငံတစ်ဝှမ်းကျင်းပသည့် ထရမ့်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် လူဦးရေ ငါးသန်းကျော် ပါဝင်ခဲ့ကြောင်းသိရှိရပါသည်။ 'No Kings' ဆန္ဒပြပွဲများသည် သမ္မတ၏ တင်းကျပ်သည့် လူဝင်မှုဆန့်ကျင်ရေးမူဝါဒများနှင့် အစိုးရဝန်ထမ်းများ အလုပ်မှထုတ်ပယ်ခံရမှုများကို ဦးတည်ခဲ့သည်။

ရီပတ်ပလီကန်သမ္မတကို ဆန့်ကျင်သည့် “တစ်နေ့တာအကြီးမားဆုံး လှုပ်ရှားမှု” အဖြစ် ကြေညာခဲ့သည့် အဆိုပါဆန္ဒပြမှုများသည် လော့အိန်ဂျလိစ်တွင် ရက်သတ္တပတ်အတွင်း ဖြစ်ပွားနေသည့် အဓိကရုဏ်းများ၏ နောက်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုအဓိကရုဏ်းများမှာ ICE ၏ တရားမဝင်လူဝင်မှုစစ်ဆေးရေး ဆောင်ရွက်မှုများကြောင့် စတင်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြသူများက ရဲကားများနှင့် အမေရိကန်အလံများကို မီးရှို့ကာ၊ လမ်းများပိတ်ဆို့ပြီး ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။ ရဲများကလည်း မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆန်များဖြင့် ပြန်လည် တုံ့ပြန်ခဲ့ပြီး ရာနှင့်ချီသော ဆန္ဒပြသူများကို ဖမ်းဆီးခဲ့ကာ နှစ်ဖက်လုံးတွင် ထိခိုက်ဒဏ်ရာရသူများရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

'No Kings' ဆန္ဒပြအဖွဲ့က ၎င်းတို့၏ဝက်ဘ်ဆိုက်တွင် စနေနေ့ (ဇွန် ၁၄) ကို “အာဏာရှင်စနစ်၊ ဘီလီယံနာအကျိုးစီးပွားဦးစားပေးရေးနှင့် ဒီမိုကရေ စီစနစ်ကို စစ်အာဏာရှင်စနစ် ဦးတည်သည့် လုပ်ဆောင်မှုများ လွှမ်းမိုးမှုကို ပယ်ချသည့် နိုင်ငံတစ်ဝှမ်း ဆန္ဒထုတ်ဖော်ရေးနေ့” အဖြစ် သတ်မှတ်ခဲ့သည်။ နယူးယောက်၊ ဒင်ဗာ၊ ချီကာဂို၊ အော်စတင်၊ ဖီလာဒဲလ် ဖီးယားနှင့် လော့စ်အိန်ဂျလိစ်အပါအဝင် ပြည်နယ် ၅၀ အနှံ့ မြို့ပေါင်း ၁,၅၀၀ ကျော်တွင် ဆန္ဒပြပွဲများ ကျင်းပခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ထုတ်ပြန်ချက်တွင် “အစိုးရတာဝန်ရှိသူတို့သည် တရားရုံးများ၏ အမိန့်ကို ဖီဆန်ခဲ့သည်၊ အမေရိကန်နိုင်ငံတွင်နေထိုင်သူများကို နှင်ထုတ်ခဲ့ပြီး လမ်းများပေါ်မှ လူများကို အကြမ်းဖက်ခဲ့သည်၊ မိမိတို့၏ အခွင့်အရေးများကို တိုက်ခိုက်ခဲ့ပြီး ဝန်ဆောင်မှုများကို ဖြတ်တောက်ခဲ့သည်” ဟု ဖော်ပြထားကာ ထရမ့်အစိုးရကို ရည်ညွှန်းခဲ့သည်။

အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီတွင် ဆန္ဒပြပွဲများ မကျင်းပခဲ့သော်လည်း အမေရိကန်စစ်တပ်၏ နှစ် ၂၅၀ ပြည့်အထိမ်းအမှတ်အဖြစ် စစ်ရေးပြ အခမ်းအနား ပြုလုပ်ခဲ့သည်။ ထိုပွဲတွင် သမ္မတ ဒေါ်နယ်ထရမ့်က ဦးဆောင် တက်ရောက်ခဲ့ပြီး ၎င်း၏ ၇၉ နှစ်ပြည့် မွေးနေ့ကိုလည်း စနေနေ့ (ဇွန် ၁၄) က ကျင်းပခဲ့သည်။

“အဆိုပါ အခမ်းနားကို အရေးတယူ အသိအမှတ်ပြုနေမည်မဟုတ်ဘဲ နိုင်ငံ၏ အခြားနေရာတိုင်းတွင် ဆန္ဒထုတ်ဖော်မှုများ လုပ်ဆောင်ခြင်းဖြင့် အမေရိကန်၏သမိုင်းကို ဖန်တီးမည်” ဟု ဆန္ဒပြအဖွဲ့များ၏ ထုတ်ပြန်မှုကို မီဒီယာများက ကိုးကားဖော်ပြခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂