ထရမ့်က ခါမေနီ လုပ်ကြံခံရနိုင်မည့်အကြောင်း အရိပ်အမြွက် ပြောကြား
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ခေါင်းဆောင်ကြီး အယ်လီ ခါမေနီးအား သတ်ဖြတ်ခံရနိုင်ကြောင်း အရိပ်အမြွက် ပြောဆိုလျက် တီဟီရန်အား ခြွင်းချက်မရှိ လက်နက်ချရန် တောင်းဆိုခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၏ အဓိက မဟာမိတ်ဖြစ်သော အစ္စရေးက လွန်ခဲ့သည့်သီတင်းပတ်တွင် အီရန်၏ နျူကလီးယားနှင့် စစ်ဘက်ဆိုင်ရာအဆောက်အဦများကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၎င်းအား အီရန် နျူကလီးယားလက်နက်ရရှိမှုကို ကြိုတင်ကာကွယ်သည့် တိုက်ခိုက်မှု အဖြစ် ရည်ညွှန်းခဲ့သည်။ အီရန်ဘက်မှလည်း အစ္စရေးသို့ ဒုံးကျည်နှင့် ဒရုန်းများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ပြီး နှစ်နိုင်ငံအကြား ပဋိပက္ခများ ပိုမိုမြင့်တက်လာခဲ့ပြီး ထရမ့်က အစ္စရေး၏ လုပ်ရပ်ကို ထောက်ခံခဲ့သည်။
“ယခုအခါ အီရန်ကောင်းကင်ယံကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီ” ဟု အမေရိကန်သမ္မတက အင်္ဂါနေ့ (ဇွန် ၁၇) က Truth Social တွင် ရေးသားခဲ့သည်။
“မိမိတို့အနေဖြင့် 'ခေါင်းဆောင်ကြီး' ဟု ခေါ်ဆိုသည့်ပုဂ္ဂိုလ် မည်သည့်နေရာတွင် တိမ်းရှောင်ပုန်းကွယ်နေသည်ဆိုသည်ကို အတိအကျ သိထားပါသည်။ ၎င်းသည် လွယ်လွယ်ကူကူ ပစ်မှတ်ထဲရောက်နေသော်လည်း ယခုအချိန်မှာတော့ ၎င်းကို လုပ်ကြံမှုမပြုသေးပါ” ဟု ထရမ့်က ရေးသားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂