ကနေဒါနိုင်ငံပိုင်မီဒီယာက G7 ယူကရိန်းဆိုင်ရာ ထုတ်ပြန်ချက် မထွက်ပေါ် ရခြင်းအကြောင်း ရှင်းလင်း

News Image

  • ကနေဒါနိုင်ငံပိုင်မီဒီယာက G7 ယူကရိန်းဆိုင်ရာ ထုတ်ပြန်ချက် မထွက်ပေါ် ရခြင်းအကြောင်း ရှင်းလင်း

G7 ခေါင်းဆောင်များသည် ကနေဒါနိုင်ငံတွင် ကျင်းပခဲ့သော နောက်ဆုံး ထိပ်သီးအစည်းအဝေးအပြီး ယူကရိန်းပဋိပက္ခဆိုင်ရာ ပူးတွဲထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ခြင်းမရှိခဲ့ကြောင်း၊ အမေရိကန်က “အချက်အလက် များကို ရေရှည်အားနည်းသွားစေမည်” ဟူသော အကြောင်းပြချက်ဖြင့် လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့သည်ဟု ကနေဒါနိုင်ငံပိုင်ရုပ်သံလိုင်း CBC အပါအဝင် မီဒီယာများက ဖော်ပြခဲ့သည်။

အယ်လ်ဘာတာပြည်နယ်၊ Kananaskis တွင် ကျင်းပခဲ့သော ထိပ်သီး အစည်းအဝေးသည် တနင်္ဂနွေ (ဇွန် ၁၅) မှ အင်္ဂါနေ့ (ဇွန် ၁၇) အထိ ကြာမြင့်ခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အစည်းအဝေး မှ စောစောထွက်ခွာသွားခဲ့ပြီး တက်ရောက်လာသည့် ယူကရိန်း ခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးနှင့်လည်း တွေ့ဆုံခြင်းမရှိခဲ့ပေ။

အင်္ဂါနေ့တွင် CBC က ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီ၏ ရုံးမှ အမည်မဖော်လိုသူ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ယူကရိန်းနှင့် ပတ်သက်သော ပူးတွဲထုတ်ပြန်ချက် ရေးဆွဲရန် အစီအစဉ်များ ဖျက်သိမ်းခဲ့ရကြောင်း ဝန်ခံခဲ့သည်။

သတင်းများအရ အမေရိကန်သည် ရုရှားနှင့်သက်ဆိုင်သော စကားလုံးများကို ကန့်ကွက်ခဲ့ပြီး ၎င်းသည် မော်စကိုနှင့် ကိယက်ဗ်အကြား ပဋိပက္ခ ဖြေရှင်းရန် အမေရိကန်ကြားဝင်ညှိနှိုင်းမှုများကို ထိခိုက်စေနိုင်သည်ဟု စိုးရိမ်ခဲ့သည်ဟု ဆိုသည်။

ကနေဒါဝန်ကြီးချုပ်ရုံးမှ နောက်ပိုင်းတွင် အဆိုပါသတင်းများကို ငြင်းဆို ခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူ Emily Williams က “ယူကရိန်းနှင့် ပတ်သက်သည့် ပူးတွဲထုတ်ပြန်ချက်တစ်စောင်ကို မည်သည့်အခါမျှ တင်ပြခဲ့ခြင်းမရှိပါ။ ကနေဒါ၏ ရည်ရွယ်ချက်မှာ G7 ဥက္ကဋ္ဌ၏ အကျဉ်းချုပ်ထုတ်ပြန်ချက်တွင် အရေးကြီးသော အချက်အလက်များ ပါဝင်ရန်ဖြစ်ပြီး အားလုံး ပါဝင် ခဲ့ပါသည်” ဟု ပြောကြားခဲ့သည်။

မာ့ခ်ကာနီ၏ အကျဉ်းချုပ်ထုတ်ပြန်ချက်တွင် "G7 ခေါင်းဆောင်များသည် သမ္မတ ထရမ့်၏ ယူကရိန်းတွင် တရားမျှတ၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုများကို ထောက်ခံကြောင်း" ဖော်ပြထားကာ "ကိယက်ဗ်၏ သတ်မှတ်ချက်မရှိသော စစ်ရေးရပ်စဲရေး တောင်းဆိုမှု ကိုလည်း အားပေးခဲ့သည်" ဟု ဖော်ပြထားသည်။

ရုရှားဘက်မှ ယူကရိန်း၏ ရုတ်တရက်တောင်းဆိုမှုကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီး ၎င်းမှာ ယူကရိန်းတပ်များ ပြန်လည်စုစည်းနိုင်ရန် လှည့်ကွက် တစ်ခုသာဖြစ်သည်ဟု ဝေဖန်ခဲ့သည်။

ကာနီ၏အဆိုအရ G7 သည် “ဘဏ္ဍာရေးပိတ်ဆို့မှုအပါအဝင် ရုရှားအပေါ် ဖိအားမြှင့်တင်ရန် ရွေးချယ်စရာများကို အပြည့်အဝဆန်းစစ်ရန် စိတ်ပိုင်း ဖြတ်ထားကြောင်း” ထုတ်ပြန်ခဲ့သည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်ကမူ ထိပ်သီး အစည်းအဝေးနှင့်ပတ်သက်၍ “ထူးခြားမှုမရှိဘဲ အဓိပ္ပာယ်မရှိသော အစည်းအဝေးဖြစ်ခဲ့သည်” ဟု ဝေဖန်မှတ်ချက်ပြုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂