အီရန်နိုင်ငံခြားရေးဝန်ကြီး စနေနေ့တွင် တူရကီနိုင်ငံ၌ ကျင်းပမည့် OIC အစည်းအဝေးသို့ တက်ရောက်မည်ဟု အရင်းအမြစ်များက ဆို

News Image

  • အီရန်နိုင်ငံခြားရေးဝန်ကြီး စနေနေ့တွင် တူရကီနိုင်ငံ၌ ကျင်းပမည့် OIC အစည်းအဝေးသို့ တက်ရောက်မည်ဟု အရင်းအမြစ်များက ဆို

အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲဖြစ်ပွားနေချိန်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araqchi သည် စနေနေ့ (ဇွန် ၂၁) တွင် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရင်းအမြစ်တစ်ဦးက ကြာသပတေးနေ့ (ဇွန် ၁၉) တွင် ပြောကြားခဲ့သည်။

အဆိုပါ အရင်းအမြစ်က ၅၁ ကြိမ်မြောက် OIC နိုင်ငံခြားရေးဝန်ကြီးများကောင်စီ၏ အထူးအစည်းအဝေးတွင် အစ္စရေး၏ မကြာသေးမီက အီရန်ကို ပစ်ခတ်တိုက်ခိုက်မှုများ၊ အထူးသဖြင့် ကြာသပတေးနေ့က Arak မြို့ရှိ Khondab နျူကလီးယားစက်ရုံအား တိုက်ခိုက်မှုအပေါ် အဓိကထား ဆွေးနွေးမည်ဟု ဖော်ပြခဲ့သည်။ 

အစ္စရေးစစ်တပ်က အဆိုပါနေရာရှိ တစ်စိတ်တစ်ပိုင်းသာ တည်ဆောက် ပြီးစီးသေးသည့် Heavy-Water Reactor ကို ပစ်မှတ်ထားခဲ့ကြောင်း ပြောကြားခဲ့ပြီး ကျွမ်းကျင်သူများက ၎င်းစက်ရုံမှ နျူလက်နက်သုံး ပလူတိုနီယမ် ထုတ်လုပ်နိုင်ကြောင်း သုံးသပ်ထားသည်။

တူရကီအစိုးရက အစ္စရေး၏လုပ်ရပ်များကို တရားမဝင်ကြောင်း ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး အီရန်အနေဖြင့် တရားဝင်ကာကွယ် ခုခံနေခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရင်းအမြစ်များက နှစ်ရက်ကြာကျင်းပမည့် ထိပ်သီးအစည်းအဝေးဖွင့်ပွဲတွင် တူရကီနိုင်ငံခြားရေးဝန်ကြီး Hakan Fidan က ဒေသတွင်း မတည်ငြိမ်မှုဖြစ်စေသော လုပ်ရပ်များကို ရင်ဆိုင်ရာတွင် မွတ်စ်လင်မ်နိုင်ငံများ စည်းလုံးညီညွတ်ရန် တိုက်တွန်းမည်ဟု ဆိုသည်။ သမ္မတ Tayyip Erdogan သည်လည်း အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရန် ရှိသည်။

မွတ်စ်လင်မ်နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်သော အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) သည် ကာလရှည်လျားစွာကပင် မွတ်စ်လင်မ် နိုင်ငံများ၏ နိုင်ငံရေးနှင့် သံတမန်ရေးဆွေးနွေးမှုများအတွက် စင်တာအဖြစ် ဆောင်ရွက်လျက်ရှိသည်။

ကိုးကား- Reuters

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂