ပါကစ္စတန်စစ်တပ်အကြီးအကဲက ထရမ့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုပေးရန် တောင်းဆိုခဲ့ဟု အိမ်ဖြူတော်ဆို

News Image

  • ပါကစ္စတန်စစ်တပ်အကြီးအကဲက ထရမ့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုပေးရန် တောင်းဆိုခဲ့ဟု အိမ်ဖြူတော်ဆို

အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ အန်နာကယ်လီ၏ ပြောကြားချက် အရ ပါကစ္စတန်စစ်တပ်အကြီးအကဲ အာဆင်မုနီး က လွန်ခဲ့သောလက အိန္ဒိယနှင့်ပါကစ္စတန် အကြား နျူကလီးယားစစ်ဖြစ်ပွားမှုကို တားဆီးနိုင်ခဲ့ သည့်အတွက် ဒေါ်နယ်ထရမ့် အား ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်သင့် ကြောင်း တောင်းဆိုခဲ့သည်ဟု ရိုက်တာ သတင်းအရ သိရှိရသည်။

ထို့နောက် ထရမ့်က ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈) တွင် မုနီးအား သီးသန့် ညစာ စားပွဲဖိတ်ကြားကာ တွေ့ဆုံခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ဒေါင်းသတင်းစာ၏ဖော်ပြချက်အရ မုနီးသည် ပါကစ္စတန်တွင် အချမ်းသာဆုံး အာဏာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရပြီး ၎င်းသည် အမေရိကန် သမ္မတနှင့် တွေ့ဆုံသည့် ပထမဆုံး ပါကစ္စတန်စစ်တပ်အကြီးအကဲ ဖြစ်လာ ခဲ့သည်။ ထို့အပြင် ဤသည်မှာ ပါကစ္စတန်စစ်တပ်အကြီးအကဲ တစ်ဦး အနေဖြင့် နိုင်ငံရေးရာထူးရယူခြင်းမရှိသူ (သို့) စစ်အုပ်ချုပ်ရေးဖြင့် မအုပ်ချုပ်သူ အဖြစ် အမေရိကန်အစိုးရ၏ ဤမျှအဆင့်မြင့် ဧည့်ခံခြင်းကို ပထမဆုံးအကြိမ် ရရှိခြင်းလည်း ဖြစ်သည်။

တွေ့ဆုံပြီးနောက် ထရမ့် က သတင်းထောက်များအား ပြောကြားရာတွင် “မုနီး ကို ဒီမှာဖိတ်ရသည့် အကြောင်းက အိန္ဒိယနှင့်စစ်မဖြစ်အောင် ထိန်းခဲ့သည့်အတွက် ကျေးဇူးတင်ချင်လို့ပါ။ အိန္ဒိယဝန်ကြီးချုပ် မိုဒီ ကိုလည်း ကျေးဇူးတင်ပါသည်၊ ၎င်းနှင့် မကြာသေးခင်ကပဲ ဖုန်းဆက် ဆွေးနွေးခဲ့ပါသည်။ မိမိတို့သည် အိန္ဒိယ၊ ပါကစ္စတန်တို့နှင့် ကုန်သွယ်ရေး သဘောတူညီချက်တွေကို ဆွေးနွေးနေပါသည်။

အဆိုပါပုဂ္ဂိုလ်နှစ်ဦးသည် နျူကလီးယားစစ်ဖြစ်နိုင်သည့် စစ်ပွဲကို ဆက် မလုပ်ဖို့ ဆုံးဖြတ်ခဲ့သည့်အတွက် အလွန်တော်သည့်သူများပါ။ ပါကစ္စတန် နှင့် အိန္ဒိယသည် အဏုမြူလက်နက်ပိုင်ဆိုင်သည့် နိုင်ငံကြီးနှစ်ခုပါ” ဟု ပြောကြားခဲ့သည်။

ထရမ့်နှင့် မုနီး တွေ့ဆုံမှုသည် အစ္စရေး-အီရန် ပဋိပက္ခ အတွင်း အရှေ့ အလယ်ပိုင်း တင်းမာမှုများ၏ နောက်ခံတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်သည် အီရန်နှင့် မိုင် ၆၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေပြီး တီဟီရန်နှင့် ကောင်းမွန်သော သံတမန်ဆက်ဆံရေးရှိသည်။ ထရမ့်က သတင်းထောက်များအား “ပါကစ္စတန်သည် အီရန်ကို အခြားနိုင်ငံ အများ စုထက် ပိုမိုနားလည်ပြီး လက်ရှိအခြေအနေများကို မနှစ်သက်ကြောင်း” ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂