ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်တို့က အီရန်နှင့် ပြီးပြည့်စုံသော ညှိနှိုင်း ဆွေးနွေးမှုများအတွက် အဆိုပြုလွှာတစ်ခု ပြုလုပ်ရန်ရှိကြောင်း ပြင်သစ် သမ္မတ မက်ခရွန်က ပြောကြား

News Image

  • ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်တို့က အီရန်နှင့် ပြီးပြည့်စုံသော ညှိနှိုင်း ဆွေးနွေးမှုများအတွက် အဆိုပြုလွှာတစ်ခု ပြုလုပ်ရန်ရှိကြောင်း ပြင်သစ် သမ္မတ မက်ခရွန်က ပြောကြား

ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်တို့သည် အီရန်နှင့် ပြီးပြည့်စုံသော ညှိနှိုင်း ဆွေးနွေးမှုများအတွက် အဆိုပြုလွှာတစ်ခု ပြုလုပ်ရန် အသင့်ရှိကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ဆွစ်ဇာလန်နိုင်ငံတွင် အရေးပါသည့် သံတမန် အစည်းအဝေး မစတင်မီ နာရီပိုင်းအလိုတွင် ပြောကြားခဲ့သည်။

သောကြာနေ့ (ဇွန် ၂၀) က ပြင်သစ်ကာကွယ်ရေးပြပွဲ၏ အခမ်းအနားတစ်ခုတွင် သတင်းထောက်များနှင့် ပြောဆိုစဉ် မက်ခရွန်က နျူကလီးယား လက်နက်များ တပ်ဆင်ထားသည့် အီရန်၏ အလားအလာကို ကိုင်တွယ်ရာတွင် ပေါ့ပေါ့တန်တန် မဆောင်ရွက်သင့်ကြောင်း သတိပေးခဲ့သည်။

“ညှိနှိုင်းဆွေးနွေးမှုများသို့ ပြန်လည်ရောက်ရှိရေး၊ နျူကလီးယား အရေး ဆိုင်ရာ ညှိနှိုင်းမှုများဖြစ်သည့် ယူရေနီယမ်သန့်စင်သည့် လုပ်ငန်းစဉ်ကို သုညအထိ လျှော့ချရန်၊ အီရန်နိုင်ငံ၏ ဒုံးကျည်စွမ်းရည်များနှင့် ဒေသတွင်း မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေသည့် အကြမ်းဖက်အုပ်စုများအား ငွေကြေး ထောက်ပံ့မှုများ ကန့်သတ်ရန်ကို အလေးပေး ဆောင်ရွက်ရမည်” ဟု ၎င်းက ဆိုသည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျွန်နိုးလ် ဘာရိုးနှင့် ဂျာမနီ၊ ဗြိတိန်တို့၏ နိုင်ငံခြားရေးဝန်ကြီးများသည် အီရန်နိုင်ငံခြားရေးဝန်ကြီး အစ္စဘစ် အရာချီ ထံသို့ “သံတမန်ရေးနှင့် နည်းပညာဆိုင်ရာ ပြည့်စုံသော ညှိနှိုင်း ဆွေးနွေးမှုများအတွက် အဆိုပြုလွှာ” တစ်ခုပေးပို့မည်ဖြစ်ကြောင်း မက်ခရွန်က ဖြည့်စွက်ပြောကြားခဲ့သည်။

ဥရောပနိုင်ငံသုံးနိုင်ငံနှင့် အီရန်အကြား အစည်းအဝေးအား ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့တွင် ဒေသစံတော်ချိန် ညနေ ၃ နာရီ (အမေရိကန် အရှေ့ဘက် စံတော်ချိန် နံနက် ၉ နာရီ) တွင် စတင်ကျင်းပမည်ဖြစ်သည်။

ပြင်သစ်သံတမန်တစ်ဦးက CNN အား ပြောကြားရာတွင် ဘာရိုးသည် ကြာသပတေးနေ့ (ဇွန် ၁၉) က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုအား သောကြာနေ့ (ဇွန် ၂၀) တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကျင်းပမည့်အစည်းအဝေးအတွက် ဥရောပအဖွဲ့၏ အစီအစဉ် ချမှတ် ထားသည့် ချဉ်းကပ်မှုနည်းလမ်းများကို ပေးပို့ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထိုသံတမန်အဆိုအရ ရူဘီယိုသည် ဖုန်းဆက်ဆွေးနွေးစဉ်အတွင်း အမေရိကန်သည် “မည်သည့်အချိန်တွင်မဆို အီရန်အစိုးရနှင့် တိုက်ရိုက် ဆက်သွယ်ရန် အဆင်သင့်ဖြစ်နေကြောင်း” အလေးပေး ပြောကြား ခဲ့သည်။

ဘာရိုးနှင့် ရူဘီယိုတို့သည် ဂျီနီဗာအစည်းအဝေးနှင့်ပတ်သက်၍ ဆွေးနွေးရန်နှင့် ညှိနှိုင်းမှုများ နှင့်ပတ်သက်၍ သောကြာနေ့ (ဇွန် ၂၀) တွင် နောက်ထပ်ဖုန်းဆက်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သံတမန်က ပြောကြား ခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂