သမုဒ္ဒရာရေစီးကြောင်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးမယ့် ရေအောက်တာဘိုင်များ
ကျွန်တော်တို့လူသားတွေ အနေနဲ့လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို နည်းလမ်းအမျိုးမျိုးနဲ့ ထုတ်လုပ်လျက်ရှိပါတယ်။ သမားရိုးကျအားဖြင့်ဆိုရင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ကျောက်မီးသွေး သို့မဟုတ် နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ အစရှိတာတွေကနေ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ရယူနေကြတာပါ။ အခုနောက်ပိုင်းမှာတော့ ပြည့်ဖြိုးမြဲစွမ်းအင်လို့ခေါ်တဲ့ သန့်ရှင်းစွမ်းအင်ကနေတစ်ဆင့်လျှပ်စစ်ကို ထုတ်လုပ်လာကြပါပြီ။
အဲဒီသန့်ရှင်းစွမ်းအင်တွေထဲမှာ နေရောင်ခြည်အသုံးပြုတာ၊ လေစွမ်းအင်ကို အသုံးပြုတာတွေပါဝင်ပါတယ်။ အခုနောက်ဆုံးပေါ် နည်းလမ်းတစ်ခုကတော့ သမုဒ္ဒရာရေစီးကြောင်းကနေမှ တစ်ဆင့်လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာပါ။ နေရောင်ခြည်တို့၊ လေတို့ဆိုတာ ကမ္ဘာကြီးပေါ်မှာအမြဲတမ်း တည်ရှိနေနိုင်မယ့်အရာတွေ ဖြစ်ပေမယ့်လည်း တစ်ခါတလေမှာဆိုရင် မိုးအုံ့ခြင်းကြောင့် နေမထွက်နိုင်သလို လေဆိုတာကလည်း ရံဖန်ရံခါ ငြိမ်သက်နေနိုင်ပါတယ်။ ဒါပေမဲ့ သမုဒ္ဒရာထဲမှာဖြစ်ပေါ်နေတဲ့ ရေစီးကြောင်းဆိုတာကတော့ ဘယ်သောအခါမှ ရပ်တန့်မှာမဟုတ်တဲ့ သဘာဝစွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။
ဒီလိုမျိုးသဘာဝစွမ်းအင် အရင်းအမြစ်ကို အကျိုးရှိစွာအသုံးချပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းလာတဲ့ ကုမ္ပဏီကတော့ နယ်သာလန်နိုင်ငံ မှ Equinox Ocean Turbines ဆိုတဲ့ ကုမ္ပဏီပဲဖြစ်ပါတယ်။ သူတို့ဖန်တီးမယ့်အရာက ဂျက်လေယာဉ်တစ်စင်းရဲ့ အရွယ်အစားရှိတဲ့ ရေအောက်တာဘိုင်တွေဖြစ်ပါတယ်။ အဲဒီတာဘိုင်တွေက သမုဒ္ဒရာရေစီးကြောင်းရဲ့ အားနဲ့သာ လည်ပတ်ကြမှာပါ။
သူတို့ဖန်တီးမယ့်စနစ်ထဲမှာ မီတာ ၅၀ အရှည်ရှိတဲ့ ကွန်ကရစ်ဒလက်တစ်ခုပါဝင်ပါတယ်။ ဒလက်တစ်ခုစီမှာ အသေးစားတာဘိုင်များ ပါဝင်ပြီး သူတို့က ရေအောက်ထဲမှာသာ လုံးလုံးလျားလျား အလုပ်လုပ်မှာပါ။ သူ့ကြောင့် မြင်ကွင်းနှောင့်ယှက်မှုမရှိသလို ပတ်ဝန်းကျင်အပေါ်လည်း ထိခိုက်မှုရှိစေမှာမဟုတ်ပါဘူး။ အဲဒီတာဘိုင်တစ်ခုက တည်ငြိမ်တဲ့ရေစီးကြောင်း အောက်မှာဆိုရင် ၃ မဂ္ဂါဝပ်ပမာဏရှိတဲ့ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။
Equinox Ocean Turbines ကုမ္ပဏီက သူတို့ရဲ့ ဖန်တီးမှုအတွက် ပထမဆုံးသောစီးပွားဖြစ်အသုံးပြုမှုကို ၂၀၂၇ ခုနှစ်မှာ လုပ်ဆောင်သွားမယ်လို့ဆိုထား ပါတယ်။ လက်ရှိမှာတော့ သူတို့အနေနဲ့ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေကို ရရှိထားပါတယ်။ အဲဒီရင်းနှီး မြှုပ်နှံမှုတွေက Samenwerkingsverband Noord-Nederland (SNN) Valorisatie အစီအစဉ်၊ European Regional Development Fund (EFRO) တို့ မှဆင်းသက်လာတာပါ။ ဒါ့အပြင် အခုလိုမျိုးလူအသုံး ပြုမှုနည်းတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နည်းပညာကို ရရှိရေးအတွက် ဂရိုနင်ဂျန် တက္ကသိုလ်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
MWD Web Portal