အီရန်က အမေရိကန်ကို ပြင်းထန်သည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်ထားရန် သတိပေး

News Image

  • အီရန်က အမေရိကန်ကို ပြင်းထန်သည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်ထားရန် သတိပေး

အီရန်စစ်တပ်သည် အမေရိကန်က ၎င်းတို့နိုင်ငံကို တိုက်ခိုက်ပါက ပြင်းထန်သော အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်ထားရမည်ဟု သတိပေးလိုက်ပြီး သမ္မတထရမ့်ကို “ဂိမ်းသမား” ဟု ဝေဖန်ခဲ့သည်။

“ဂိမ်းသမား မစ္စတာထရမ့်အနေဖြင့် ယခုစစ်ပွဲကို စတင်နိုင်သော်လည်း ယင်းစစ်ပွဲကို အဆုံးသတ်မည့်သူက မိမိတို့သာဖြစ်ကြောင်း” အီရန် တပ်မတော်၏ အထွေထွေညှိနှိုင်းရေးအမြင့်ဆုံးကွပ်ကဲမှုအဖွဲ့ Khatam al-Anbiya Central Command ၏ ပြောရေးဆိုခွင့်ရှိသူ Ebrahim Zolfaqari က ယနေ့ (ဇွန် ၂၃) တွင် ပြောကြားခဲ့သည်။

အဆိုပါကြေညာချက်ကို အမေရိကန်က Operation Night Hammer အနေဖြင့် ဇွန် ၂၂ ရက်၊ နံနက်အစောပိုင်းတွင် အီရန်၏ အဓိက နျူကလီးယားစက်ရုံသုံးခုကို လေတပ်မှ တိုက်ခိုက်ပြီးနောက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်က “အီရန်နှင့် စစ်မဖြစ်ပါ၊ ၎င်း၏ နျူကလီးယား အစီအစဉ်နှင့်သာ စစ်ဖြစ်သည်” ဟု ကြေညာခဲ့သည်။

တီဟီရန်က ဝါရှင်တန်အား အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်း၊ “အနီရောင်မျဉ်းကို ကျော်လွန်သွားခြင်း” ဟု ဝေဖန်ပြီး တုံ့ပြန် တိုက်ခိုက်မည်ဟု သတိပေးကာ အရှေ့အလယ်ပိုင်းရှိ အမေရိကန်စခန်းများကို အားနည်းသောပစ်မှတ်များအဖြစ် ရည်ညွှန်းဖော်ပြခဲ့သည်။

မစ္စတာထရမ့်က အီရန်အား လက်စားချေမှုမပြုဘဲ အမြန်ဆုံး ငြိမ်းချမ်းရေး ညှိနှိုင်းရန် တောင်းဆိုခဲ့ပြီး၊ သို့မဟုတ်ပါက နောင်တွင် ပိုမိုကြီးမား ပြင်းထန်သော တိုက်ခိုက်မှုများ လုပ်ဆောင်မည်ဟု သတိပေးခဲ့သည်။ Khatam al-Anbiya Central Command ၏ နောက်ဆုံး သတိပေးချက် နှင့်ပတ်သက်၍ ၎င်းက အထူးမှတ်ချက်မပြုသေးပေ။

ကျွမ်းကျင်သူများက အီရန်သည် အရှေ့အလယ်ပိုင်းရှိ အမေရိကန် စစ် စခန်းများကို တိုက်ခိုက်ခြင်း သို့မဟုတ် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ကမ္ဘာ့ရေနံတင်ပို့မှု၏ ၂၀% ကို ပိတ်ဆို့ခြင်းကဲ့သို့သော လက်စားချေမှု နည်းလမ်းများကို ရွေးချယ်နိုင်သည်ဟု ဆိုသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂