အမေရိကန်က အီရန်နျူကလီးယားစက်ရုံများကို တိုက်ခိုက်ပြီးနောက် ရေနံစျေးများ တစ်ရှိန်ထိုး မြင့်တက်
အမေရိကန်က အီရန်၏နျူကလီးယားစက်ရုံသုံးခုကို တိုက်ခိုက်ခဲ့ခြင်းသည် အီရန်-အစ္စရေး ပဋိပက္ခကို ပိုမိုကြီးထွားစေသည့် အကြောင်းအရင်းလည်း ဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဇွန် ၂၂ ရက် (တနင်္ဂနွေနေ့) ညနေပိုင်းတွင် ရေနံစျေးများ ရုတ်တရက် မြင့်တက်လာခဲ့သည်။ အမေရိကန် ၏ ရေနံစျေးသည် ၃.၆% တက်ကာ ရေနံတစ်စည်လျှင် ၇၆.၄၇ ဒေါ်လာ အထိ မြင့်တက်ခဲ့ပြီး ကမ္ဘာ့ရေနံ သတ်မှတ်ရည်ညွှန်းဈေးမှာလည်း ၃.၂% တက်ကာ ရေနံတစ်စည်လျှင် ၇၄.၅၉ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။
ထိုတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် အမေရိကန်စတော့စျေးကွက်မှာမူ ကျဆင်း ခဲ့သည်။ သို့သော် အမေရိကန် ဒေါ်လာမှာ ၀.၃% မြင့်တက်လာခဲ့ပြီး ထရမ့် အစိုးရက ပြည်ပမှ သွင်းကုန်များအပေါ် အခွန်နှုန်းများ တိုးမြှင့်လိုက် ပြီးနောက် ဒေါ်လာစျေး ရုတ်တရက်ကျဆင်းခဲ့ရာမှ ယခုအခါ ပြန်လည် မြင့်တက်လာခြင်းဖြစ်သည်။
အမေရိကန်သည် တစ်နေ့လျှင် ပျမ်းမျှ ရေနံစည် ၁၃.၄ သန်း ထုတ်လုပ် နိုင်ပြီး ဇန်နဝါရီလအစမှစတင်၍ ရေနံသိုလှောင်မှုမှာ ရေနံစည်ပေါင်း သန်း ၂၀၀ ကျော် တိုးလာခဲ့သည်။ ထို့ပြင် အီရန်က အမေရိကန်၏ တိုက်ခိုက်မှု အပေါ် လက်တုံ့ပြန်ဆောင်ရွက်မှုအဖြစ် ရေနံသယ်ယူပို့ဆောင်သည့် ဟော်မုဇ် ရေလက်ကြားအား ပိတ်ပစ်မည်ကို စီးပွားရေးပညာရှင်များကလည်းစိုးရိမ်နေကြသည်။ ရေနံစျေး ရုတ်တရက် မြင့်တက်ပါက အမေရိကန် စီးပွားရေး၏ ငွေကြေးဖောင်းပွမှုမှာ ပိုမိုဆိုးရွားလာနိုင်သည်။
အမေရိကန်စွမ်းအင်ဆိုင်ရာ သတင်းအချက်အလက်ဌာနအရ ၂၀၂၄ ခုနှစ် နှင့် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွင်း ပင်လယ်ကြောင်း ရေနံ ကုန်သွယ်မှု၏ ၂၅% ကျော်မှာ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သယ်ယူ ပို့ဆောင်ခဲ့ပြီး အမေရိကန်နိုင်ငံအနေဖြင့် အဆိုပါရေလက်ကြားမှ တစ်နေ့လျှင် ရေနံစည်ပေါင်း ၅၀၀,၀၀၀ သိန်းခန့် တင်သွင်းကာ ထိုပမာဏမှာ အမေရိကန်နိုင်ငံ၏ စုစုပေါင်းရေနံဆီနှင့် လေယာဉ်ဆီ တင်သွင်းမှု၏ ၇% ခန့် ရှိသည်။
ကိုးကား - CNN
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃