ကျောက်ဆည်မြို့၌ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများနှင့် အနှစ်သာရများသိရှိစေရန် အသိပညာပေးခြင်း၊ စွမ်းအားမြင့် မီးဖိုများ အခမဲ့ ဖြန့်ဝေခြင်းများ ဆောင်ရွက်
ကျောက်ဆည်၊ ဇွန်-၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေး ဦးစီးဌာနမှ သစ်တော၊ သစ်ပင်များ၏ အကျိုးကျေးဇူးများနှင့် အနှစ်သာရများကိုဒေသခံ ပြည်သူများ သိရှိ နားလည်စေရန်၊ ပြည်သူလူထုအသိပညာမြှင့်တင်ရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ တိုးတက်လာရန် ရည်ရွယ်၍ ကျေးရွာများသို့ကွင်းဆင်း၍ ထင်းအစားအခြားလောင်စာ တိုးမြှင့်သုံးစွဲရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လူထုပညာပေးဟောပြောပွဲများဆောင်ရွက်ကာ ထင်းလောင်စာ(၄၀℅) သက်သာ စေသည့် စွမ်းအားမြင့် အေဝမ်းမီးဖိုများ ဖြန့်ဝေပေးခြင်းလုပ်ငန်း များဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဖျောက်ဆိပ်ပင်ကျေးရွာတွင် အသိပညာပေးခြင်း၊ စွမ်းအားမြင့်အေဝမ်းမီးဖိုများ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါစွမ်းအားမြင့်မီးဖိုသည် ဖိုခုံနောက်ဆိုင်မီးဖိုထက် ထင်းသုံးစွဲမှု(၄၀℅)သက်သာစေပြီး ကျေးလက်နေ အိမ်ထောင်စု(၁)စု တစ်နှစ်ပတ်လုံးသုံးစွဲပါက ကုန်ကျမည့်ထင်း(၂.၅)တန်၏ (၄၀℅)ဖြစ်သော ထင်း(၁)တန် လျော့နည်းသက်သာခြင်း၊ လောင်စာတောင့်များအား ထင်းအစားထိုးသုံးစွဲခြင်းထက် မြို့နေအိမ်ထောင်စု (၁) စု အတွက် တစ်နှစ်ထင်းလိုအပ်ချက်(၁.၄)တန်ဖြစ်သောကြောင့် လောင်စာတုံး(၁၇၅၀)တုံး သုံးစွဲခြင်းဖြင့် ထင်း (၁)တန်လျော့ နည်းသက်သာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ထင်းအစား အခြားလောင်စာသုံးစွဲရေးနှင့်လူထုပညာပေးဟောပြောပွဲများကို တစ်လတွင်(၃)ကြိမ်နှုန်းဖြင့် တစ်နှစ်တွင် (၃၆)ကြိမ် စုစုပေါင်းကျေးရွာ (၃၆) ရွာအား တစ်ကြိမ်လျှင် စွမ်းအားမြင့် အေဝမ်းမီးဖို(၂၀)လုံးဖြင့် (၃၆) ကြိမ် အတွက်စွမ်းအားမြင့် အေဝမ်းမီးဖို (၇၂၀) လုံးနှင့် ရွာနန်းစံပြကျေးရွာတွင် သံပုံးစွပ်မီးဖို(၂၀၀)လုံး အခမဲ့ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောက်ဆည်မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းရပ်ဝန်းဒေသနေ ပြည်သူလူထုအား ထင်းလောင်စာ၊ တိုင်၊ မျော၊ လယ်ယာသုံးကိရိယာများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဆည်၊ ကန်နှင့် မြစ်ချောင်းများ၏ ရေဝေရေလွှဲ ဒေသ များအား စိမ်းလန်းစိုပြည်ရေး၊ ဒေသစိမ်းလန်းစိုပြည်ရေးနှင့် ရေမြေသဘာဝကေင်းမွန်မှုကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ကျောက်ဆည်မြို့နယ် ရဒါန်းချောင်းဆုံအကွက်အမှတ်(၁၇)အတွင်း ကျေးရွာသုံး စိုက်ခင်း (၃၀)ဧကနှင့် အကွက်အမှတ်(၇)အတွင်း အထူးစိမ်း(တစ်အုပ်တစ်မ)ပျိုးပင်းမျိုးစုံ(၂၀၀၀)ပင် စိုက်ပျိုးခြင်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေးပို့သူ- သက်မောင်၊ကျောက်ဆည်