ကမ္ဘောဒီးယား အာဏာရှင် Hun Sen ၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် ဥပဒေကိုချိုးဖောက်နေသည်ဟု ထိုင်း နိုင်ငံခြားရေးဌာန ပြောဆို
ကမ္ဘောဒီးယား ဆီးနိတ်ဥက္ကဋ္ဌ ဟွန်ဆန်၏ သောကြာနေ့ (ဇွန် ၂၇) က တိုက်ရိုက် ထုတ်လွှင့်မှုသည် ထိုင်း၏ ကိစ္စရပ်များတွင် ဝင်ရောက် စွက်ဖက်မှု ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းများကို ချိုးဖောက်နေသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Russ Jalichandra က ပြောသည်။
Russ က တိုက်ရိုက်ထုတ်လွှင့်မှုတွင် ထိုင်းအစိုးရ၏ တည်ငြိမ်မှုကို ခြိမ်းခြောက်သည့် အကြောင်းအရာများ ပါဝင်နေပြီး ဟွန်ဆန်၏ အစိုးရ ပြောင်းလဲရန် တိုက်တွန်းချက်သည် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံ မူဘောင်များကို ချိုးဖောက်ကြောင်း ထောက်ပြခဲ့သည်။
ထို့အပြင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) နှင့် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အစရှိသော အဖွဲ့အစည်း များ၏ အစီရင်ခံစာများကို ကိုးကား၍ ကမ္ဘောဒီးယားနိုင်ငံအား တရား မဝင် လုပ်ငန်းများ၏ ဗဟိုချက်အဖြစ် သတ်မှတ်ထားကြောင်း ပြောဆိုကာ ၎င်းကိစ္စများသည် ထိုင်းနှင့် မသက်ဆိုင်ဘဲ ကမ္ဘောဒီးယားကိုယ်တိုင် ဖြေရှင်းသင့်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ဟွန်ဆန်၏ ပြောကြားချက်များသည် ထိုင်းနိုင်ငံအတွင်းရှိ အချို့သောအုပ်စုများအား အကျိုးပြုရန် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း သံသယဖြစ်စရာအချက်အဖြစ် ထောက်ပြ ခဲ့သည်။
ဟွန်ဆန်သည် ၎င်း၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ထိုင်းအစိုးရအပေါ် စွပ်စွဲချက်များ ပြုလုပ်ခဲ့ပြီး အထူးသဖြင့် ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နှင့် Bhumjaithai ပါတီ ခေါင်းဆောင် Anutin Charnvirakul တို့အပေါ် ထိပါးသည့် ပြောဆိုချက်များ ပါဝင်ခဲ့သည်။
ထိုင်းအစိုးရက တရားဝင်တုန့်ပြန်မှု မပြုသေးသော်လည်း အရာရှိများက ကမ္ဘောဒီးယားနှင့် နယ်နိမိတ်အရှုပ်အရှင်းများ ဖြစ်ပေါ်နေချိန်တွင် သံတမန်ရေး (Diplomacy)၊ သည်းခံမှုနှင့် ငြိမ်းချမ်းသော ဆက်ဆံရေး ထိန်းသိမ်းရန် အရေးကြီးကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အချို့လေ့လာသူများက အစိုးရ၏ တုံ့ပြန်မှုသည် လုံလောက်မှုမရှိဟု ဝေဖန်ခဲ့ကြသည်။ အထူးသဖြင့် ဝန်ကြီးချုပ်၏ ဟွန်ဆန်နှင့် ဖုန်းစကား ပြောဆိုမှုကြောင့် ဆန္ဒပြမှုများ မြင့်တက်နေချိန်တွင် ပိုမိုထိရောက်သော အရေးယူမှုများ လိုအပ်နေကြောင်း ထောက်ပြခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဟောင်း Somchai Srisutthiyakorn က ဟွန်ဆန်၏ ပြောကြားချက်များကို တရားဝင်တုံ့ပြန်ရန် အစိုးရအား တိုက်တွန်းခဲ့ပြီး “ဟွန်ဆန်သည် ကမ္ဘောဒီးယားနိုင်ငံရေးတွင် အလွန် အမင်း ဩဇာရှိသူဖြစ်သောကြောင့် ၎င်း၏ပြောဆိုချက်များကို ကိုယ်ရေး ကိုယ်တာ အမြင်အဖြစ် မဟုတ်ဘဲ တရားဝင် ဝေဖန်မှုအဖြစ် သတ်မှတ်သင့်သည်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် ဟွန်ဆန်၏ “အစိုးရပြောင်းလဲရန်” တိုက်တွန်းချက်သည် သံတမန်ရေးအရ ကြီးလေးသော ချိုးဖောက်မှုဖြစ်ပြီး ထိုင်း၏ ကိစ္စရပ် များတွင် သိသာထင်ရှားစွာ ဝင်ရောက်စွက်ဖက်မှုဖြစ်ကြောင်း ဝေဖန် ခဲ့သည်။
ဟွန်ဆန်၏ “ကမ္ဘောဒီးယားက ထွက်ပြေးတိမ်းရှောင်နေသော ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်ထရာအား မလေးရှားနှင့် စင်ကာပူသို့ သွားရောက်ရန် ကူညီခဲ့သည်” ဆိုသော ပြောဆိုချက်ကိုလည်း Somchai က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး၊ ၎င်းကဲ့သို့သော အပြုအမူများသည် ထိုင်းဥပဒေကို ချိုးဖောက်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဟွန်ဆန်၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ထိုင်း၏ ဘုရင်စနစ်ကို ထိပါးသည့် ပြောဆိုချက်များ မပါဝင်သော်လည်း “ကမ္ဘောဒီးယားတွင် ဘန်ကောက် မြို့ကို တိုက်ရိုက်ပစ်ခတ်နိုင်သည့် ဒုံးလက်နက်များ ရှိသည်” ဟူသော ပြောဆိုချက်သည် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် အဓိပ္ပာယ်ကောက်ယူ နိုင်ကြောင်း Somchai က သတိပေးခဲ့သည်။ ၎င်းက အစိုးရအားကမ္ဘောဒီးယားအပေါ် ပိုမိုတင်းမာသည့် သဘောထားများထားရှိ ကျင့်သုံးရန် တိုက်တွန်းခဲ့သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂