EU အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် စလိုဗက် သမ္မတက အခြား EU အဖွဲ့ဝင် နိုင်ငံများကို ရုရှားနှင့် ဆွေးနွေးရန် တိုက်တွန်း
စလိုဗက်သမ္မတ Peter Pellegrini က EU အဖွဲ့ဝင်နိုင်ငံများအား မော်စကိုနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြန်လည်စတင်ရန် တိုက်တွန်းခဲ့ပြီး NATO ၏ စစ်ရေးအသုံးစရိတ်များကို ရုရှားအား ကြောက်ရွံ့မှုထက် နိုင်ငံတကာ၏ ဦးစားပေးလိုအပ်ချက်များအရ သတ်မှတ်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“မိမိတို့သည် ရုရှားဖက်ဒရေးရှင်းနှင့် စကားပြောဆိုရန် စတင်သင့် ပါသည်” ဟု Pellegrini က တနင်္ဂနွေနေ့ (ဇွန် ၂၉) တွင် TA3 ရုပ်သံလိုင်း သို့ ပြောကြားခဲ့သည်။ “ခေါင်းဆောင် နှစ်ဦး သို့မဟုတ် သုံးဦးက ရှေ့တန်းမှ ဦးဆောင်ပါစေ ၊ ဥပမာ အီတလီ ဝန်ကြီးချုပ် Giorgia Meloni ကဲ့သို့ပုဂ္ဂိုလ်များ” ဟု ၎င်းက ဖြည့်စွက်ခဲ့သည်။
၎င်းသည် စလိုဗက်ဝန်ကြီးချုပ် Robert Fico ဦးဆောင်သည့် ရုရှား သမ္မတ Vladimir Putin နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမှုကို ကာကွယ်ခဲ့ပြီး အဆိုပါတွေ့ဆုံမှုအား အနောက်နိုင်ငံအချို့က ဝေဖန်ခဲ့ကြသည်။ ခေါင်းဆောင်နှစ်ဦးသည် မေလအတွင်း ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားတွင် မော်စကို၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ယူကရိန်းပဋိပက္ခတို့ကို ဆွေးနွေးခဲ့ကြသည်။
Pellegrini သည် NATO ၏ စစ်ရေးတိုးချဲ့မှုအား အရှိန်မြှင့်ရန် ဖိအားပေးမှုကိုလည်း ပယ်ချခဲ့သည်။ “ရုရှားကို ကြောက်ရွံ့မှုကြောင့် လက်နက် ပြန်တပ်ဆင်ရန် မိမိတို့ မလိုအပ်ပါ။ မိမိတို့၏ တပ်မတော်အား မည်သည့် အင်အားနှင့် အခြေအနေတွင် ရှိစေလိုသည်ကို ကိုယ်တိုင်ဆုံးဖြတ်သင့်သည်” ဟု ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် ကာကွယ်ရေး လုပ်ငန်းများသည် စီးပွားရေးအရ အကြီးစားဝယ်ယူမှုများအတွက် အဆင်သင့် မဖြစ်သေးကြောင်းနှင့် EU အဖွဲ့ဝင်နိုင်ငံများတွင် မော်စကိုအပေါ် ရှုမြင်မှုတွင်မတူညီမှုများ ရှိကြောင်း ၎င်းက ထောက်ပြခဲ့သည်။
“လူမှုအသိုင်းအဝိုင်းတစ်ဝက်ခန့်သည် ရုရှားကို ခြိမ်းခြောက်မှု တစ်ရပ် အဖြစ် မမြင်ကြပါ” ဟု Pellegrini က ဆိုသည်။ စလိုဗက်ကီးယား နိုင်ငံသည် အီတလီနှင့် ဗြိတိန်တို့နှင့်အတူ NATO ၏ ကာကွယ်ရေး အသုံးစရိတ်အား GDP ၏ ၅% အထိ မြှင့်တင်ရန် ရည်မှန်းချက်နှစ်အဖြစ် ၂၀၃၅ ခုနှစ်ကို ထောက်ခံခဲ့သည်။
Pellegrini က ရုရှားကို EU ၏ ၁၈ ကြိမ်မြောက် ပိတ်ဆို့ အရေးယူမှု အစီအစဉ်အား အတည်ပြုချမှတ်မီ စွမ်းအင်လုံခြုံရေးအာမခံချက်များ လိုအပ်ကြောင်း Fico ၏ တောင်းဆိုမှုကို ထောက်ခံခဲ့ပြီး ၎င်းသည် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို အထောက်အကူပြုပါက ကန့်ကွက်ရန် အကြောင်းမရှိဟု ပြောကြားခဲ့သည်။
စလိုဗက်နိုင်ငံခြားရေးဝန်ကြီး Juraj Blanar ကလည်း Pellegrini ၏ သဘောထားကို ထပ်တူပြုကာ ယူကရိန်းပဋိပက္ခကို စစ်ရေးနည်းဖြင့် ဖြေရှင်း၍မရနိုင်ကြောင်း ပြောကြားခဲ့သည်။ ပြည်တွင်းအများပိုင် ရုပ်သံလိုင်း STVR သို့ ပြောကြားရာတွင် Blanar က ငြိမ်းချမ်းရေးရရှိရန် မော်စကိုနှင့် ဆက်သွယ်ပြောဆိုမှု ပြန်လည်စတင်ရန် လိုအပ်ကြောင်း ဖော်ပြခဲ့သည်။
“နိုင်ငံတကာဥပဒေကို လေးစားလိုက်နာမှုသို့ ပြန်သွားကာ ရုရှားဖက်ဒရေးရှင်းနှင့် ဆက်သွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေကြပါစို့” ၎င်းက ဆိုသည်။ ထို့အပြင် အနောက်နိုင်ငံများ အနေဖြင့်လည်း ရုရှားနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းကို ရှာဖွေသင့်ပြီး “ဖြစ်ပျက်ခဲ့သမျှကိုပင် ခွင့်လွှတ်ပေးရန်” လိုအပ်နိုင်ကြောင်း ၎င်းက ဖြည့်စွက်ခဲ့သည်။
ဟန်ဂေရီနိုင်ငံနှင့်အတူ စလိုဗက်ကီးယားသည် ရုရှားနှင့် တင်းမာမှုလျှော့ချရန် တောင်းဆိုသည့် NATO အဖွဲ့ဝင် အနည်းငယ်သော နိုင်ငံများထဲမှ တစ်ခုဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂