လပွတ္တာမြို့နယ်တွင် မျှင်ငါးပိများ အရောင်းအဝယ်ကောင်းမွန်နေ

News Image

  • လပွတ္တာမြို့နယ်တွင် မျှင်ငါးပိများ အရောင်းအဝယ်ကောင်းမွန်နေ

လပွတ္တာ   ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ဒေသထွက် မျှင်ငါးပိများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း လပွတ္တာမြို့နယ် ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေး က ပြောပြ၍ သိရသည်။

လပွတ္တာမြို့နယ်တွင်ဒေသထွက် မျှင်ငါးပိများ ယခုနှစ် ဇွန်လတတိယပတ်မှ ယနေ့ထိ အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါဒေသထွက် မျှင်ငါးပိများ တစ်ရက်လျှင် ပိဿာချိန် ၄၅၀၀ မှ၇၀၀၀ ထိ အရောင်းအဝယ်ကောင်းမွန်နေကြောင်းသိရသည်။

လက်ရှိ မျှင်ငါးပိတွေက ဒေသတွင်းမှာကို အရောင်းအဝယ်ကောင်းနေတာပါ။ မျှင်ငါးပိတစ်ပိဿာကို ငွေကျပ် ၂၅၅၀၀ ထိ ဈေးပေါက်နေပါတယ်။ လပွတ္တာမြို့နယ်က မျှင်ငါးပိတွေကို ဒေသဈေးကွက်အပြင် မော်လမြိုင်ကျွန်းဘက်နဲ့ အခြားဒေသတွေက ဝယ်ယူမှု အားကောင်းနေလို့ အရောင်းအဝယ် ကောင်းနေတာပါ။ ဒီဘက်က မျှင်ငါးပိရောင်းဝယ်သူတွေက ဒေသထွက်မျှင်ငါးပိတွေကို မှာယူတဲ့ဒေသထိ လိုက်လံပို့ပေးနေပါတယ်” ဟု လပွတ္တာမြို့နယ် ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေး က ပြောပြသည်။

လပွတ္တာမြို့နယ်တွင် မျှင်ငါးပိရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသထွက်မျှင်ငါးပိများကို စနစ်တကျထုပ်ပိုးကာ အခြားဒေသများသို့ တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါမျှင်ငါးပိများ အရောင်းအဝယ်ကောင်းလာသည့်အတွက် ကုန်သည်များ၊ ပွဲရုံပိုင်ရှင်များ၊ လုပ်သားများ အဆင်ပြေနေကြောင်း သိရသည်။

ကျော်ကျော်လင်း

ရတနာပုံသတင်းစာ