အခွန်စည်းကြပ်မှု ဆိုင်းငံ့ကာလမကုန်ဆုံးမီ ဗီယက်နမ်နှင့် ကုန်သွယ်ရေး သဘောတူညီမှု ရရှိကြောင်း အမေရိကန် ကြေညာ

News Image

  • အခွန်စည်းကြပ်မှု ဆိုင်းငံ့ကာလမကုန်ဆုံးမီ ဗီယက်နမ်နှင့် ကုန်သွယ်ရေး သဘောတူညီမှု ရရှိကြောင်း အမေရိကန် ကြေညာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အကောက်ခွန်တိုးမြှင့်မှုအား ရက် ၉၀ ဆိုင်းငံ့ ကာလ သက်တမ်းမကုန်ဆုံးမီ ဗီယက်နမ်နိုင်ငံနှင့်ကုန်သွယ်ရေး သဘောတူညီမှုရရှိကြောင်း ကြေညာခဲ့သည်။ အခြား ကုန်သွယ် ဖက်နိုင်ငံများကလည်း အခွန်စည်းကြပ်မှုဆိုင်းငံ့ကာလ သက်တမ်း ကုန်ဆုံးမည့်လာမည့် ဇူလိုင်လ ၉ ရက်နေ့မတိုင်မီ အမေရိကန်နှင့် ကုန်သွယ်မှုသဘောတူညီချက် ရရှိရန် ကြိုးပမ်းနေကြသည်။

ထရမ့်က ဗီယက်နမ်ထုတ်ကုန်ပစ္စည်းများအပေါ်တွင် ၂၀% အခွန် စည်းကြပ် မည်ဖြစ်ပြီး ဗီယက်နမ်မှတစ်ဆင့် အမေရိကန်သို့ တင်သွင်းလာသည့် အခြားနိုင်ငံများ၏ကုန်ပစ္စည်းများ အပေါ် အခွန် ၄၀ % စည်းကြပ်မည်ဖြစ်ကြောင်း ထရမ့်က သတိပေးခဲ့သည်။ တရုတ်ကုန်ပစ္စည်းများအားဗီယက်နမ်မှတစ်ဆင့် လှည့်ပတ်တင်သွင်းခြင်းကို တားဆီးရန်အတွက် ထိုသို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာများတွင် ဖော်ပြ ထားသည်။ အပြန်အလှန်အားဖြင့် ဗီယက်နမ်က အမေရိကန် ကုန်ပစ္စည်း များအား ၎င်း၏ စျေးကွက်သို့ အပြည့်အဝဝင်ရောက်ခွင့်ပေးရန် အကောက်ခွန် လျှော့ချပေးရန် သဘောတူညီထားသည်။ 

အမေရိကန် စီးပွားရေးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ အမေရိကန်သည် မက္ကဆီကို၊ ဥရောပသမဂ္ဂနှင့် တရုတ်နိုင်ငံတို့ပြီးလျှင် ဗီယက်နမ်နှင့် စတုတ္ထမြောက် အကြီးဆုံး ကုန်သွယ်ရေး လိုငွေပြမှု ရှိနေသည်။ 

လက်ရှိတွင် အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက် တရားဝင် လက်မှတ်ရေးထိုးပြီးစီးသည့် တစ်ခုတည်းသော နိုင်ငံမှာ ဗြိတိန်နိုင်ငံ ဖြစ်သည်။ အမေရိကန်သည် တရုတ်နှင့် ကုန်သွယ်ရေး သဘောတူညီချက် ရရှိရန် ဆက်လက်ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ပြီး ယခုသီတင်းပတ်အတွင်း အိန္ဒိယနှင့် ယာယီသဘောတူညီချက်ရရှိနိုင်သည်ဟု Financial Times တွင် ဖော်ပြထားသည်။ 

ကိုးကား - NHK

ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃