အနောက်နိုင်ငံများမှကုမ္ပဏီကြီးများ တရုတ်ထုတ် AI ကို ပြောင်းလဲ အသုံးပြုလာ
Wall Street ဂျာနယ်၏ သတင်းထုတ်ပြန်ချက်အရ အနောက်နိုင်ငံ ကုမ္ပဏီကြီးများသည် တရုတ်၏ AI မော်ဒယ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းဖြင့် အမေရိကန်၏ AI ဈေးကွက်ကြီးစိုးမှုကို စိန်ခေါ်လျက်ရှိပြီး ကမ္ဘာ့ AI လုပ်ငန်းတွင် အမေရိကန်၏ အမြတ်အစွန်းများကိုပါ ခြိမ်းခြောက်လာနေသည်။
ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂) ထုတ် WSJ အစီရင်ခံစာအရ HSBC၊ Standard Chartered နှင့် Saudi Aramco အပါအဝင် အဓိကကုမ္ပဏီကြီးများသည် DeepSeek နှင့် Alibaba တို့ဖန်တီးထုတ်လုပ်ထားသော တရုတ် AI စနစ်များကို စမ်းသပ်အသုံးပြုလာကြသည်။ အမေရိကန်အခြေစိုက် Cloud ဝန်ဆောင်မှုများဖြစ်သည့် Amazon Web Services၊ Microsoft နှင့် Google တို့ပင် ၎င်းတို့၏ဖောက်သည်များအတွက် DeepSeek ကို ဝန်ဆောင်မှုပေးနေကြပြီး အိမ်ဖြူတော်၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက် များကို ကျော်လွန်နေသည်။
တရုတ် AI ကုမ္ပဏီများသည် အမေရိကန်၏ ထိပ်တန်း AI မော်ဒယ်များ နှင့် ရည်ရွယ်ချက်တူညီသော်လည်း ကုန်ကျစရိတ်အလွန်သက်သာသည့် စွမ်းဆောင်ရည်များကို ပေးစွမ်းနိုင်ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ စိတ်ဝင်စားမှု မြင့်တက်လာခြင်းဖြစ်သည်။ Sensor Tower သုတေသန အဖွဲ့အစည်း၏ အချက်အလက်များအရ ChatGPT သည် ဒေါင်းလုဒ်ဆွဲယူမှု ၉၁၀ သန်း ရှိပြီး DeepSeek သည် အချိန်တိုအတွင်း ၁၂၅ သန်းအထိ ရောက်ရှိပြီ ဖြစ်သည်။
တရုတ် AI ဖွံ့ဖြိုးရေးကုမ္ပဏီများသည် ၎င်းတို့၏ AI မော်ဒယ်များကို open-source အဖြစ်ထုတ်ပေးခြင်းဖြင့် ကမ္ဘာတစ်ဝှမ်းရှိ အသုံးပြုသူများအား အလွယ်တကူ စိတ်ကြိုက်ပြင်ဆင်အသုံးပြုနိုင်စေရန် အားပေးလျက် ရှိသည်။
တောင်အာဖရိကရှိ Witwatersrand တက္ကသိုလ်သည် DeepSeek ၏ Offline အလုပ်လုပ်နိုင်စွမ်းနှင့် open-source ချိန်ညှိနိုင်မှုတို့ကြောင့် ၎င်းကို စမ်းသပ်သုတေသနစီမံကိန်းတစ်ခုအတွက် ရွေးချယ်ခဲ့သည်။ အလားတူပင် ဂျပန်၏ စီးပွားရေးဝန်ကြီးဌာနသည် အမေရိကန်ထုတ် AI မော်ဒယ်များအစား Alibaba ၏ Qwen မော်ဒယ်ကို ရွေးချယ် အသုံးပြု ခဲ့သည်။ Latenode ကဲ့သို့သော ပလက်ဖောင်းများတွင် ကမ္ဘာတစ်ဝှမ်းရှိ အသုံးပြုသူများ၏ ငါးပုံတစ်ပုံခန့် သည် AI ကိရိယာများ တည်ဆောက် ရာတွင် DeepSeek ကို ပိုမိုနှစ်သက်လာကြောင်း သိရသည်။
စက်မှုလုပ်ငန်းကျွမ်းကျင်သူများက အဆိုပါအလေ့အထသည် အမေရိကန် ၏ ကမ္ဘာလုံးဆိုင်ရာ AI စံနှုန်းများသတ်မှတ်ရေး ဩဇာလွှမ်းမှုကို လျော့နည်း စေနိုင်ကြောင်း သုံးသပ်ထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂