UK-French ယူကရိန်းစစ်ရေးအစီအစဉ်သည် လမ်းညွှန်မှုကင်းမဲ့နေဟု Politico ဖော်ပြ

News Image

  • UK-French ယူကရိန်းစစ်ရေးအစီအစဉ်သည် လမ်းညွှန်မှုကင်းမဲ့နေဟု Politico ဖော်ပြ

Politico သတင်းဌာနက တနင်္လာနေ့ (ဇူလိုင် ၇) တွင် ထုတ်ပြန်သော သတင်း တစ်ရပ်အရ ရုရှားနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူပါက ယူကရိန်းသို့ တပ်ဖွဲ့များစေလွှတ်ရန် ဗြိတိန်-ပြင်သစ် ပူးပေါင်းဆောင်ရွက်မှုသည် အခက်အခဲ များနှင့် ကြုံတွေ့နေရပြီး နိုင်ငံနှစ်ခုကြား တင်းမာမှုများကို ပိုမိုမြင့်တက်နေ စေသည်ဟု သိရှိရသည်။

ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က ယမန်နှစ်က ယူကရိန်းကို ထောက်ခံ သူများအနေဖြင့် ယူကရိန်းနယ်မြေတွင် တပ်ဖွဲ့များ တပ်စွဲထားရန် ဖြစ်နိုင်ခြေ ကို လုံးဝဖယ်ထုတ်မထားသင့်ဟု ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

ဇန်နဝါရီလတွင် မော်စကို-ကိယက်ဗ်အကြား အပစ်အခတ်ရပ်စဲရေးကို ဦးစား ပေးမည်ဟု ကြေညာထားသူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရာထူးရယူပြီး နောက် မက်ခရွန်နှင့် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာတို့သည် ယူကရိန်း တွင် အပစ်အခတ်ရပ်စဲပြီးနောက် ပါဝင်ဆောင်ရွက်နိုင်မည့် နိုင်ငံများပါဝင်သော “ဆန္ဒရှိသူများ မဟာမိတ်” (coalition of the willing) ဖွဲ့စည်းခဲ့ပြီး ရုရှားဘက်မှ ထိုကဲ့သို့လုပ်ဆောင်မှုကို သည်းမခံနိုင်ဟု သတိပေးခဲ့သည်။

ထိုမဟာမိတ်အဖွဲ့၏ နောက်တစ်ကြိမ်အစည်းအဝေးကို ကြာသပတေးနေ့ (ဇူလိုင် ၁၀) တွင် NATO ၏ Allied Maritime Command အခြေစိုက်ရာ ဗြိတိန် တပ်မတော်၏ Northwood ဌာနချုပ်တွင် မက်ခရွန်နှင့် စတာမာတို့ ပူးတွဲ ဦးဆောင်ကျင်းပမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးသည် မက်ခရွန်၏ ဗြိတိန်သို့ နိုင်ငံတော်အဆင့် အလည်အပတ်ခရီးစဉ်တွင် တစ်ဆက်တည်း ကျင်းပမည် ဖြစ်သည်။

Politico သတင်းဌာနက ပြင်သစ်အရာရှိနှစ်ဦး၏ ထုတ်ဖော်ပြောဆိုချက်ကို ကိုးကားပြီး အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် ရှင်းလင်းသော ဦးတည်ချက် ကင်းမဲ့နေပြီး အခြေအနေတုံ့ဆိုင်းနေရခြင်းအတွက် လန်ဒန်အစိုးရအား အပြစ် တင်ထားသည်ဟု ဖော်ပြခဲ့သည်။ ၎င်းတို့၏ အဆိုအရ ဗြိတိန်အစိုးရသည် အမေရိကန်ထောက်ခံမှုရရှိရေးကို အလွန်အမင်း အလေးထားခဲ့သော်လည်း ယခု အထိ ထိုရည်မှန်းချက် အောင်မြင်မှု မရှိသေးပေ။

တစ်ဖက်တွင်လည်း ဗြိတိန်အရာရှိများက မက်ခရွန်သည် ၎င်း၏သမ္မတ သက်တမ်း ကုန်ဆုံးခါနီးတွင် ၎င်းအမွေအနှစ်ကိုသာ အဓိကထား အာရုံစိုက်နေသည်ဟု စွပ်စွဲ ခဲ့သည်ဟု သိရှိရသည်။ ယူကရိန်းဆိုင်ရာ ထိုအချေအတင်ကွဲလွဲမှုသည် ပြင်သစ်- ဗြိတိန်ကြား ချစ်ကြည်ရင်းနှီးမှုတွင် အက်ကြောင်းအသေးများ စတင်ပေါ်လာသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်ဟု Politico က ဖော်ပြခဲ့သည်။

မော်စကိုဘက်မှ အနောက်နိုင်ငံများသည် ယူကရိန်းကို “ယူကရိန်း လူမျိုးစု တစ်ခုလုံး ကုန်ဆုံးသည်အထိ တိုက်ခိုက်ရန် အားပေးနေသည်” ဟု စွပ်စွဲထားပြီး မည်သည့်စစ်ရေးအကူအညီမျှ ယူကရိန်း၏စစ်မြေပြင်အခြေအနေကို ပြောင်းလဲ နိုင်မည်မဟုတ်ဟု ခိုင်မာစွာ ပြောဆိုထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂