ရုရှားသယ်ယူပို့ဆောင်ရေးဝန်ကြီး ရာထူးမှထုတ်ပယ်ခံရပြီး နာရီပိုင်း အကြာတွင် ၎င်း၏အလောင်းကို မိမိကိုယ်ကိုအဆုံးစီရင်မှုအဖြစ် ဖြစ်နိုင်ခြေရှိသည့် အနေအထားဖြင့် တွေ့ရှိ
ရုရှားသယ်ယူပို့ဆောင်ရေးဝန်ကြီး Roman Starovoit အား သမ္မတ ဗလာဒီမာ ပူတင်က ရာထူးမှ ရုတ်တရက်ဖြုတ်ချပြီးနာရီပိုင်းအကြာတွင် သေဆုံးနေသည့် အလောင်းကို တွေ့ရှိခဲ့ရသည်။ ရုရှား စစ်ဆေးရေး ကော်မတီ (Investigative Committee) က တနင်္လာနေ့ (ဇူလိုင် ၇) တွင် Starovoit ၏ ခန္ဓာကိုယ်ကို မော်စကိုအနီး ကားတစ်စီးအတွင်း သေနတ်ဒဏ်ရာဖြင့် တွေ့ရှိကြောင်း အတည်ပြုခဲ့သည်။ “လက်ရှိ အဓိကစစ်ဆေးနေသော အချက်မှာ မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်နိုင်ခြေကို ဦးစားပေး စဉ်းစားထားသည်” ဟု ပြောရေးဆိုခွင့်ရှိသူ Svetlana Petrenko က ပြောကြားခဲ့သည်။
ဒေသစံတော်ချိန် ညနေ ၃ နာရီခန့်က မော်စကိုဆင်ခြေဖုံးရှိ အိုဒင့်ဆိုဗို၊ မာလီ ဗစ်ချ် ပန်းခြံအနီး တက်စလာကားတစ်စီးအတွင်း Starovoit ၏ အလောင်းကို တွေ့ရှိခဲ့သည်။ သတင်းများအရ ၎င်း၏အနီးတွင် ဆုအဖြစ်ရရှိခဲ့သော Marakov pistol သေနတ် တစ်လက်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
Starovoit သည် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဖြစ်မလာမီ ကာ့စ်ခ်ဒေသ (Kursk Region) ၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ RT ၏ သတင်းရင်းမြစ် တစ်ခုအရ ၎င်းအုပ်ချုပ်စဉ် ၂၀၂၂ ခုနှစ် မှ ၂၀၂၄ ခုနှစ်အတွင်း ကာ့စ်ခ်ဒေသရှိ ကာကွယ်ရေးဆိုင်ရာ တည်ဆောက်ရေး ရန်ပုံငွေများကို အလွဲသုံးစားပြုမှု လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံရပြီး ၎င်းနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးမှု စတင်တော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အရင်းအမြစ်က Starovoit အား တနင်္လာနေ့ (ဇူလိုင် ၇) ညနေတွင် စုံစမ်းရေးမှူးများက ဖမ်းဆီး မေးမြန်းရန် စီစဉ်လျက်ရှိပြီး ရူဘယ်သန်းပေါင်းများစွာ အလွဲသုံးစားပြုမှုတွင် ဆက်စပ်ပါဝင်နေနိုင်သည်ဟု ဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂