ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဒေသတစ်လျှောက်၌ ဖြစ်ပွားနေသည့် ပဋိပက္ခနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အရေးပေါ် ဆွေးနွေးပွဲတစ်ရပ်ကျင်းပပေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ဇူလိုင်လ ၂၄ ရက်တွင် တောင်းဆိုလိုက်သည်။ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား အငြင်းပွားနေသည့် နယ်စပ်တစ်လျှောက်တွင် မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သည်တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် ဇူလိုင်လ ၂၄ ရက်အစောပိုင်းမှစ၍ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားသည်။ ယင်းနောက်တွင် ကမ္ဘောဒီးယားအစိုးရက ယခုနှစ် ဇူလိုင်လအတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် ကုလသမဂ္ဂဆိုင်ရာ ပါကစ္စတန်အမြဲတမ်း ကိုယ်စားလှယ်ဖြစ်သူ အာဆင်ဖစ်ခါအာမက်ထံသို့ စာရေးသားပေးပို့တောင်းဆိုခြင်း ဖြစ်သည်။ကမ္ဘောဒီးယားအစိုးရ၏အဆိုအရ ထိုင်းနိုင်ငံ၏တိုက်ခိုက်မှုများသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု Xinhua သတင်းဌာနတွင် ဖော်ပြထားသည်။သို့ရာတွင် နှစ်နိုင်ငံအကြားစစ်ရေးအရ တင်းမာမှုဖြစ်ပွားရခြင်းမှာ နယ်စပ်ဒေသတွင် မိုင်းပေါက်ကွဲမှုအတွင်း ထိုင်းတပ်မတော်မှ စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခြင်းသည် ကမ္ဘောဒီးယား နိုင်ငံကြောင့်ဖြစ်သည်ဟု ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာနက စွပ်စွဲထားသည်။ထို့ပြင် ကမ္ဘောဒီးယားတပ်မတော်သည် ဇူလိုင်လ ၂၄ ရက်တွင် ထိုင်းစစ်အခြေစိုက်စခန်းတစ်ခုအား အမြောက်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဝန်ကြီးဌာနက ဆက်လက်စွပ်စွဲထားကြောင်း သိရသည်။ကမ္ဘောဒီးယားနိုင်ငံ၏ တိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံအတွင်း၌ အရပ်သား ၁၁ ဦးသေဆုံးသွားကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံအကြား တင်းမာမှုမြင့်တက်လာပြီးနောက် ထိုင်းအစိုးရက ကမ္ဘောဒီးယားတပ်မတော်၏ ပစ်မှတ်များအပေါ် လေကြောင်းမှတိုက်ခိုက်ခဲ့သည်ဟု ထိုင်းတပ်မတော်မှ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ရီချာဆွတ်ဆူဝါနွန်ကပြောကြားခဲ့ကြောင်း RTသတင်းဌာနတွင်ဖော်ပြထားကြောင်း သိရသည်။ (Ref: RT, Xinhua)MWD Web Portal
Fri, 25-Jul-2025